ခွဲထွက်ရေး ဆန္ဒခံယူပွဲ ထပ်လုပ်ချင်တယ်လို့ စတာဂျင်ပြော

  • 13 မတ် 2017
Image caption နီကိုလာ စတာဂျင်နဲ့ ထရီဇာမေ

ယူနိုက်တက် ကင်းဒမ်း ကနေ ခွဲထွက် ရမလား ဆိုတာကို စကော့တလန်မှာ လူထုဆန္ဒ ခံယူပွဲ တစ်ရပ် နောက်တစ်ကြိမ် ထပ်မံ ကျင်းပနိုင်ဖို့ ရည်ရွယ်ထားတယ် ဆိုပြီး စကော့တလန် ပြည်နယ် အစိုးရ အကြီးအကဲ နီကိုလာ စတာဂျင်က ကြေညာ လာပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်၊ စကော့တလန်မှာ ယူကေနဲ့ တွဲရေး ခွဲထွက်ရေး ကိစ္စ ဆန္ဒ ခံယူ ခဲ့ကြတုန်းက တွဲရေး ဘက်က အနိုင် ရခဲ့ပေမယ့်လည်း အခု အခါမှာ အခြေအနေတွေ အကြီးအကျယ် ပြောင်းလဲမှု ရှိလာတယ်လို့ မစ္စ စတာဂျင်က ပြောပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ EU ထဲကနေ ယူကေ နှုတ်ထွက်ရေး လုပ်ငန်း စဉ် စတင် နိုင်ဖို့ရာ ဗြိတိသျှ ပါလီမန်ထဲ မဲခွဲ ဆုံးဖြတ်ကြဖို့ ရှိနေစဉ်မှာပဲ မစ္စ စတာဂျင်က အခုလို ပြောလာတာပါ။

EU ထဲကနေ ယူကေ နှုတ်ထွက်မယ် ဆိုတာကို စကော့တလန် အနေနဲ့ လက်ခံနိုင် ပေမယ့်၊ ဥရောပ တစ်ခုတည်းသော စျေးကွက် ဆင်ဂယ် မားကက်ထဲက နှုတ်ထွက်မှာကိုတော့ လက်သင့် မခံ နိုင်ဘူး ဆိုပြီး မစ္စ စတာဂျင်က ဆိုပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေကတော့ မစ္စ စတာဂျင်ရဲ့ အမြင်တွေ ကျဉ်းမြောင်း နေတယ်ဆိုပြီး တုံ့ပြန် ခဲ့သလို၊ စကော့တလန်မှာ လူထုဆန္ဒ ခံယူပွဲ ထပ်ပြီး လုပ်ရင် အများပြည်သူတွေ အကြား မရေရာ မသေချာမှုတွေနဲ့ သွေးကွဲမှုတွေ ပိုပြီး ဖြစ်လာ လိမ့်မယ်လို့ သတိပေးပါတယ်။