လူ့အခွင့်အရေး ကိုယ်စားလှယ် ယန်ဟီးလီးရဲ့ စွပ်စွဲချက် မြန်မာသံအမတ်ကြီး ငြင်းဆို

  • 14 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ရိုဟင်ဂျာတွေ အကုန်လုံးကို အဲဒီနေရာကနေ နှင်ထုတ်ဖို့ မြန်မာ အစိုးရက ကြိုးစားနေဖွယ် ရှိတယ်လို့ ယန်ဟီးလီး ပြော

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အပေါ် မြန်မာ အစိုးရရဲ့ ပြုမူ ဆက်ဆံပုံဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ယန်ဟီးလီးက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ ခြောက်ခြားစရာ ဖြစ်ရပ်တွေကို သူ ကြားသိခဲ့ရတယ်လို့ မစ်စ် ယန်ဟီးလီးက ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၃၄ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် အမြန်ဆုံး ဖွဲ့စည်းဖို့ကို သူက တောင်းဆိုသွားခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အကုန်လုံးကို အဲဒီနေရာကနေ နှင်ထုတ်ဖို့ မြန်မာအစိုးရက ကြိုးစားနေပုံ ရတယ်လို့လည်း ဆိုပါတယ်။

မစ်စ် ယန်ဟီးလီးရဲ့ စွပ်စွဲချက်တွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးထင်လင်းက ငြင်းဆိုလိုက်ပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ပြည်တွင်းမှာ အလေးအနက်ထား လုပ်နေတာမို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ ဆိုတဲ့ အကြံပြုချက်ကို လက်ခံမှာ မဟုတ်ကြောင်း၊ ဒီစွပ်စွဲချက်တွေဟာ တမင် ရည်ရွယ်ပြီး တဖက်စောင်းနင်းနိုင်တဲ့၊ အတည်မပြုနိုင်တဲ့ ပြောဆိုချက်တွေ အပေါ် အခြေခံထားတာ ဖြစ်ကြောင်းနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်မခံနိုင်ပါကြောင်း၊ ဒီအသုံးအနှုန်းကို အသေအချာ ချင့်ချိန်ပြီးမှ သုံးနှုန်းသင့်ပြီး ဒီအသုံးအနှုန်းမျိုးကို တရားရေးနဲ့ ဥပဒေကြောင်းနဲ့ တရားရေး အရသာ သတ်မှတ် သုံးနှုန်းနိုင်ကြောင်း၊ တခါ စုံစမ်းစစ်ဆေးရေး ကော်မရှင် မဖွဲ့ဖို့ ကန့်ကွက်တာဟာလည်း အပြစ်ရှိသူတွေကို အပြစ်ပေး မခံရစေလိုတဲ့ သဘောမျိုး မဟုတ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးထင်လင်းက တုန့်ပြန် ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ