တိုက်ကြီး ငလျင် လူသေဆုံးမှုရှိ

  • 14 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ငလျင်ဒဏ်သင့်သူတွေကို တိုက်ကြီးဆေးရုံ အပြင်မှာ ယာယီ ဆေးကုသမှု ပေးနေ

ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့ အနီးကို ဗဟိုပြု လှုပ်ခတ် ခဲ့တဲ့ ပြင်းအား ၅ ဒဿမ ၈ ရှိတဲ့ ငလျင်ကြောင့် တပ်မတော် ကာကွယ်ရေး ပစ္စည်း ထုတ်တဲ့ စက်ရုံမှာ နေထိုင်တဲ့ လူ နှစ်ယောက် သေဆုံးခဲ့ ပါတယ်။

မတ်လ ၁၃ ရက် တနင်္လာနေ့ ညပိုင်းက လှုပ်ခဲ့တဲ့ ငလျင်ကြောင့် အဆောက်အဦ အများ အပြား ပြိုကျ ပျက်စီးခဲ့ပြီး ဒဏ်ရာရသူတွေ ထဲက တချို့က ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူနေကြရ ပါတယ်။

ထိခိုက် ဒဏ်ရာရသူ လူ ၂၉ ယောက် မှာ ၅ ယောက်က ဆေးရုံမှာ အတွင်းလူနာ အဖြစ် ကုသမှု ခံယူနေရ ပါတယ်။

ငလျင်ကြောင့် သာသနိက အဆောက်အဦ ၂၉ လုံး၊ အစိုးရ ရုံး အဆောက်အဦ ၉ လုံး၊ လူနေအိမ် ၆ လုံး၊ ကျေးရွာ တွေနဲ့ ချိတ်ဆက် ထားတဲ့ တံတား ၂ ခု၊ ကွန်ကရစ်လမ်း ၂ လမ်း ပျက်စီး ခဲ့တယ်လို့ တိုက်ကြီး မြို့နယ် သဘာဝ ဘေးအန္တရာယ် ကာကွယ် တားဆီးရေး ကော်မတီက ဦးလှတင်က ပြောပါတယ်။

တနင်္လာ ညပိုင်းက ပြင်းအား ၅.၈ အဆင့်ရှိတဲ့ ငလျင် လှုပ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ် လေးတွေ လေးငါးကြိမ် ထက်မနည်း တိုက်ကြီးမှာ ထပ်လှုပ်ခဲ့ ပါတယ်။

မိခင်နဲ့ ညီအစ်ကို မောင်နှမတွေ အပါအဝင် မိသား တစုလုံး ငလျင်ဒဏ် ဆိုးဆိုး ရွားရွား ခံစားခဲ့ရတဲ့ မိသားစုဝင်တွေ တစ်ယောက် ဖြစ်တဲ့ ကိုမျိုးမင်းဆင့်က သူတို့ အိမ် တစ်အိမ်လုံး ပြိုကျ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ခန့်မှန်း တွက်ချက်မှု အရ ငလျင်ကြောင့် စုစုပေါင်း ပျက်စီး ဆုံးရှုံးမှု တန်ဖိုးက ကျပ်ငွေ ၁၉၅ သန်းကျော် ရှိနိုင်တယ်လို့ တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က ပြောပါတယ်။

ငလျင်ကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ အဆောက်အဦတွေ အောက်တွေမှာ ရှိနေနိုင်သူ တွေကို ရှာဖွေမှုတွေ ပြီးသွားပြီဖြစ်လို့ ပျက်စီးမှု ထိခိုက်ဒဏ်ရာရမှု နဲ့ သေဆုံးမူ အချက်အလက်တွေ ကတော့ ထပ်တိုးဖို့ မရှိတော့ဘူးလို့ လည်း သူက ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နဲ့ ရန်ကုန်တိုင်း လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း တို့ ငလျင်ဒဏ်သင့်တဲ့ နေရာတွေကို လာရောက်ခဲ့ပြီး ပြိုကျပျက်စီးတဲ့ နေအိမ်တွေကို တစ်အိမ်ထောင် ကျပ် နှစ်သိန်းစီ ကူညီ ထောက်ပံ့ ပေးခဲ့ တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ