ဥက္ကဌ အပြောင်းအလဲ ဖြစ်ရင် NCA လမ်း ဆက်လိုက်မှာလား

  • 14 မတ် 2017
Image caption သီတင်း နှစ်ပတ်ကနေ သုံးပတ် အထိ အချိန်ယူ ကျင်းပမယ်

ကရင်အမျိုးသား အစည်းရုံး KNU အနေနဲ့ ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီး NCA လို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်ရပ် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပြီး၊ မျှော်မှန်းချက်ကို ရောက်ဖို့ ဆက်လက် သွားရဦးမှာ ဖြစ်တယ်လို့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ပြောပါတယ်။

KNU ရဲ့ လော်ခီးလာ ဌာနချုပ်လို့ အသိများကြတဲ့ လေးဝါးစခန်းမှာ မတ်လ ၁၄ ရက် ဗုဒ္ဓဟူး နေ့က စလို့ စတင် ကျင်းပနေတဲ့ ၁၆ ကြိမ်မြောက် ကွန်ကရက်စ် ညီလာခံ အဖွင့် မိန့်ခွန်းထဲ KNU ဥက္ကဌက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကရင် တမျိုးသားလုံး ပူးပေါင်း ပါဝင်ကြဖို့ လည်း တိုက်တွန်း ခဲ့ပါတယ်။

KNU ရဲ့ ကွန်ကရက်စ် ညီလာခံမှာ ခရိုင် ၇ ခုက ကိုယ်စားလှယ်တွေ အပါအဝင် ပြည်တွင်းနဲ့ ပြည်ပက လေ့လာသူတွေနဲ့ စုစုပေါင်း အယောက် ၃ဝဝ ကျော် တက်ရောက် နေကြတယ်လို့ အဲဒီမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

သီတင်း နှစ်ပတ်ကနေ သုံးပတ် အထိ အချိန်ယူ ကျင်းပမယ့် ဒီညီလာခံ ကနေ KNU ရဲ့ ဗဟို ကော်မီတီနဲ့ ဗဟို အလုပ်အမှုဆောင် ကော်မီတီ အသစ်ကို ရွေးချယ် တင်မြောက် ကြမှာ ဖြစ်ပါတယ်။

KNU ဥက္ကဌ အပြောင်းအလဲ ဖြစ်လာရင်လည်း NCA လမ်းကြောင်း အတိုင်းပဲ သွားမှာ ဖြစ်ပြီး၊ နောက်လှည့်ဖို့ မရှိဘူးလို့ ဥက္ကဌ နေရာ ဝင်ရောက် အရွေးခံမယ့် ပဒို ဒေးဗစ် သာကပေါက သတင်းထောက် တွေကို ပြောပါတယ်။

KNU ဗဟိုအလုပ်အမှုဆောင် ကော်မီတီရဲ့ ဥက္ကဌနေရာကို လက်ရှိ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ပဒို နော်စီဖိုးရာစိန်၊ ပဒို ကွယ်ထူးဝင်း၊ ပဒို ဒေးဗစ်သာကပေါ၊ ပဒိုမန်းမန်းနဲ့ ပဒို သာ့ဒိုမူး တို့ အထဲက တယောက်ယောက်ရလာ နိုင်ဖွယ် ရှိတယ်လို့ လေ့လာ သူတွေက သုံးသပ် နေကြပါတယ်။