အင်းစိန်ထောင်မှာ လူ့ အခွင့်အရေး ပြဿနာ မရှိလို့ ကော်မရှင်ပြော

  • 14 မတ် 2017
Image caption အင်းစိန် ထောင်မှာ အယောက် တစ်သောင်း ကျော် အကျဉ်းချ ထိန်းသိမ်းထား

မြန်မာနိုင်ငံရဲ့ အကြီးဆုံး အကျဉ်းထောင် ဖြစ်တဲ့ အင်းစိန်ထောင်မှာ လက်ခံ နိုင်တဲ့ ဦးရေ ထက် နှစ်ဆမက အကျဉ်းသားတွေ ပြွတ်သိပ်ပြီး ထိန်းသိမ်း ထားတာက လွဲလို့ လူ့ အခွင့်အရေး ချိုးဖောက်မှု တစုံတရာမှ မတွေ့ ခဲ့ရဘူး ဆိုပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်က ဆိုပါတယ်။

အဲဒီ လူ့ အခွင့်အရေး ကော်မရှင်ဟာ အင်းစိန် ရဲစခန်း ၊ တရားရုံး အချုပ်ခန်းနဲ့ အင်းစိန်ထောင် တို့ကို သွားရောက် ကြည့်ရှု ခဲ့ပြီးတဲ့နောက် အခုလို ပြောလာတာပါ။

အကျဉ်းသား ဦးရေး ၅ ထောင် အတွက် ရည်ရွယ်တဲ့ အင်းစိန် ထောင်မှာ အယောက် တစ်သောင်း ကျော် အကျဉ်းချ ထိန်းသိမ်း ထားတဲ့ ကိစ္စကိုတော့ သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာနဆီ အကြံပြု သွားမယ်လို့ ကော်မရှင် အဖွဲ့၀င် ဦးယုလွင်အောင်က ဘီဘီစီကို ပြောပါတယ်။

ကော်မရှင်နဲ့ တစ်ဦးချင်း သီးသန့် တွေ့ဆုံ လိုတဲ့ အကျဉ်းသားမျိုး ရှိရင်လည်း ကော်မရှင်က တွေ့ဆုံ စကားပြောတာတွေ ပြုလုပ်တယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။

အရင် စုံစမ်း လေ့လာမှုတွေ အတွင်းမှာတော့ အကျဉ်းသားတွေရဲ့ သတင်းပို့မှု တွေ အပေါ် အခြေခံပြီး ကော်မရှင်ရဲ့ နောက်ဆက်တွဲ ဆောင်ရွက်ချက်ကြောင့် ရာထူး နေရာက ဖယ်ရှား အရေးယူ ခံလိုက်ရတဲ့ ထောင်အာဏာပိုင် တချို့ ရှိခဲ့တယ်လို့ ဦးယုလွင်အောင်က ဆိုပါတယ်။