မြန်မာကနေ ဒိန်းမတ်ကို ကျွန်းသစ် ပို့မှုအားလုံး ပိတ်ပင်

  • 15 မတ် 2017
ဓာတ်ပုံ မူပိုင် Forest Department
Image caption သစ်တောဌာနက သိမ်းဆည်းရမိတဲ့ သစ်လုံးတွေ

မြန်မာ နိုင်ငံကနေ ဒိန်းမတ်နိုင်ငံကို တင်ပို့တဲ့ ကျွန်းသစ် တင်ပို့မှုအားလုံး ကို ပိတ်ပင်လိုက်ပါတယ်။ EIA သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းရေး အဖွဲ့ရဲ့ တိုင်တန်းမှုတွေကြောင့် အခုလို ပိတ်ပင်လိုက်တာပါ။

ဒိန်းမတ်နိုင်ငံ စျေးကွက်ကို တင်သွင်း နေတဲ့ မြန်မာ့ ကျွန်းသစ် တင်ပို့မှု အားလုံးကို ပိတ်ပင်ဖို့ ဒိန်းမတ် အာဏာပိုင်တွေက မတ်လ ၁၅ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။

ဥရောပ နိုင်ငံတွေကို သစ်တင်ပို့မှု ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ဒိန်းမတ် နိုင်ငံပိုင် သစ်ကုမ္ပဏီ တစ်ခုက ချိုးဖောက် နေတယ်လို့ ဗြိတိန်နဲ့ အမေရိကန်မှာ အခြေစိုက်တဲ့ EIA သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းရေး အဖွဲ့က တင်ပြ ခဲ့ပြီးနောက် အခုလို ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။

EIA ရဲ့ တိုင်တန်းမှုကြောင့် မြန်မာ နိုင်ငံက သစ်တင်ပို့မှု ပိတ်ပင်တဲ့ ဥရောပ နိုင်ငံတွေထဲမှာ အခု ဒိန်းမတ်နိုင်ငံက ပထမဆုံး ဖြစ်ပါတယ်။

ဥရောပ နိုင်ငံတွေကို သစ်တင်ပို့မှု စည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတာ အထောက် အထားတွေနဲ့တကွ ဒိန်းမတ် အစိုးရကို တင်ပြခဲ့တာလို့ EIA အဖွဲ့ရဲ့ သစ်တောရေးရာ လှုပ်ရှားဆောင်ရွက်သူ Peter Cooper က ပြောပါတယ်။

သက်သေ ပြနိုင်

EIA အနေနဲ့ မြန်မာ့ သစ်ဝယ်ယူမယ့်သူတွေနဲ့ ပတ်သက်လို့ နှစ်လခွဲကြာ စုံစမ်း လေ့လာမှုတွေ လုပ်ခဲ့ ပါတယ်။ အီးယူ အတွင်းက ကုမ္ပဏီ အတော်များများကိုလည်း ချဉ်းကပ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဒိန်းမတ် အခြေစိုက် Keflico ကုမ္ပဏီလည်း ပါပါတယ်။ အီးယူ စည်းမျဉ်း စည်းကမ်း အရ သစ်တင်သွင်းလိုတဲ့ ကုမ္ပဏီတွေ အနေနဲ့ သူတို့ ဝယ်ယူ တင်သွင်းလိုတဲ့ နိုင်ငံတွေ ဆီကနေ ကြိုတင် လေ့လာစုံစမ်းမှုတွေ လုပ်သလားလို့ မေးတဲ့ အခါမှာ သူတို့ မပြနိုင်ပါဘူး။ ဒီတော့ သူတို့ ဝယ်ယူတဲ့ သစ်တွေဟာ တရားဝင် နည်းလမ်းအရ ဝယ်ယူတာ မဟုတ်ဘူး ဆိုတာ သက်သေ ပြနိုင်ပါတယ်။

ဒီကုမ္ပဏီတွေရဲ့ သစ်တင်သွင်းမှု တွေဟာ အီးယူရဲ့ အခြေခံ စည်းမျဉ်း နဲ့ ကိုက်ညီမှု မရှိဘူး လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။

ဘယ်သူတွေက ဘယ်နေရာမှာ သစ်တွေကို ခုတ်လှဲတယ်ဆိုတာ ကုမ္ပဏီတွေ မပြောနိုင်ပါဘူး။ ဥရောပ နိုင်ငံပေါင်း ခြောက်နိုင်ငံမှာ အမှုပေါင်း ၁၃ ခုကို EIA က အထောက် အထားတွေနဲ့ တင်ပြထားပါတယ်။

မြန်မာ နိုင်ငံမှာ သစ်မျိုးစုံ ထွက်ရှိပေမယ့် EIA အနေနဲ့ က ကျွန်းသစ် ခုတ်ယူ ထုတ်လုပ်မှု တမျိုးတည်းကိုသာ အဓိက လေ့လာ စုံစမ်းတာ ဖြစ်တယ်လို့လည်း Peter Cooper က ပြောပါတယ်။

ကျွန်းသစ် လုံးဝ ရောင်းနိုင်

လောလောဆယ်မှာ ဥရောပ စျေးကွက်ထဲမှာ မြန်မာ့ ကျွန်းသစ် ကို လုံးဝ ရောင်းချ နိုင်ခြင်း မရှိတဲ့ အတွက် မြန်မာ့ သစ်ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ အမြန်ဆုံး ပြုပြင် ဆောင်ရွက်မှု မရှိရင် ဥရောပရဲ့ သစ်စျေးကွက်ထဲကို မြန်မာ နိုင်ငံဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ လည်း Peter Cooper က ပြောပါတယ်။

ဒီတော့ မြန်မာ အစိုးရ မြန်မာ့ သစ် လုပ်ငန်း အနေနဲ့ ပိုမို ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဆောင်ရပါမယ်။

သစ်ထုတ်လုပ်မှုတွေကို အီးယူရဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ သစ်ထုတ်လုပ်မှုပိုင်းနဲ့ ပတ်သက်လို့ သတင်း အချက် အလက်တွေ အသင့်ရှိအောင် ပြင်ထားသင့်တယ်။ သစ်ခုတ်တဲ့ နေရာတွေကို သွားခွင့်ပြုရမယ်။ ဒါမှသာ ဒီသစ်တွေကို တရားဝင်နည်းလမ်းနဲ့ ခုတ်လှဲတာ ဖြစ်တယ် ဆိုတာ ပြသနိုင်မှာပါ။ ဥပဒေ ချိုးဖောက်မှုတွေကို လည်း ထုတ်ဖော် အရေးယူသင့်ပါတယ်။

ဥပဒေ ချိုးဖောက်တဲ့ သစ်ထုတ်လုပ်ရောင်းဝယ်မှုတွေ လျော့ပါးစေဖို့ အီးအိုင်အေက တိုင်ထားတဲ့ နိုင်ငံတွေက အီတလီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနဲ့ ယူကေနိုင်ငံက ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။

ပွင့်လင်းမြင်သာမှု မရှိ ထုတ်လုပ်တဲ့ မြန်မာ့ ကျွန်းသစ်တွေကို ဒိန်းမတ်နိုင်ငံက ပထမဆုံး တင်သွင်းခွင့် ပိတ်ပင် အရေးယူ ဆောင်ရွက်လိုက်တဲ့ အတွက် တခြား အီးယူနိုင်ငံတွေကလည်း အလားတူ လိုက်နာ ဆောင်ရွက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ