ရခိုင်မြောက်ပိုင်း ကူညီရေးနဲ့ စာနယ်ဇင်းတွေ လွတ်လွတ်လပ်လပ် ပေးဝင်သင့်

  • 16 မတ် 2017
Image caption ကိုဖီအာနန် ကော်မရှင် ကြားဖြတ် အစီရင်ခံစာ ထုတ်ပြန်။

ရခိုင် ပြည်နယ် မြောက်ပိုင်း ဒေသတွေကို လူသားချင်း စာနာ နားလည်တဲ့ အထောက်အပံ့ အကူ အညီတွေ ပေးပို့တဲ့ အခါမှာ ဖြစ်စေ၊ စာနယ်ဇင်း သမားတွေ သတင်းရယူတဲ့ အခါမှာ ဖြစ်စေ၊ အနှောင့်အယှက် အဟန့်အတား မရှိ ခွင့်ပြုဖို့ ထပ်လောင်း တောင်းဆိုတယ် ဆိုပြီး ရခိုင် ပြည်နယ် အရေး အကြံပေးဖို့ အစိုးရက ဖွဲ့ပေးထားတဲ့ ကော်မရှင်ကို ဦးဆောင်သူ ကိုဖီအာနန်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ အာနန် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာ တစ်စောင် ထွက်လာပြီး၊ အဲဒီထဲမှာ အစိုးရဘက်က လက်ငင်း ဆောင်ရွက် ပေးနိုင်တာတွေကို ထည့်သွင်း အကြံ ပြုထားပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ ၉ ရက် နေ့ နောက်ပိုင်း ဖြစ်ပေါ် ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ထားသမျှ ရာဇဝတ်မှုတွေ အပေါ် လွတ်လပ်ပြီး၊ ဘက်မလိုက်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့လည်း အကြံပေး ကော်မရှင် အစီရင်ခံစာထဲ ရေးသား ထားပါတယ်။

ရာဇဝတ်မှု ကျူးလွန်သူတွေကို သူတို့ လုပ်ရပ်တွေ အတွက် အရေးယူ ရမှာ ဖြစ်တယ် လို့လည်း မစ္စတာ အာနန်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်း က သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့၊ လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုဖို့ အပါအဝင် ဒေသတွင်း စီးပွားရေးနဲ့ လူမှုရေး ကဏ္ဍတွေ တိုးတက် မြင့်မား လာအောင် ဆောင်ရွက် ပေးဖို့လည်း ကော်မရှင်က အစိုးရကို အကြံပြု ပါတယ်။

ရခိုင် ပြည်နယ်ထဲက လူမှု အသိုင်းအဝိုင်းတွေ အားလုံးနဲ့ကြား ထိတွေ့ ဆက်ဆံပြီး အပြီးသတ် အစီရင်ခံစာ ထွက်ပေါ် လာဖို့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ မစ္စတာ အာနန်က ပြောပါတယ်။