ရခိုင် အရေးနဲ့ ပတ်သက်ပြီး ကိုဖီအာနန်ရဲ့ ပြောစကား

  • 16 မတ် 2017
Image caption ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပူးပေါင်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရေး အကြံပေး ကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာ ထွက်လာတဲ့ အတွက် ကော်မရှင်ကို ဦးဆောင်သူ ဂျနီဗာမြို့မှာ ရှိတဲ့ ကိုဖီအာနန်ကို ဘီဘီစီမြန်မာပိုင်းက ဆက်သွယ် မေးမြန်း ခဲ့ပါတယ်။

ဘီဘီစီမြန်မာပိုင်း။ ။ ရခိုင်ပြည်နယ်အတွင်း လူ့ အခွင့်အရေး ကျူးလွန်မှုတွေဟာ လူသား မျိုးနွယ်ပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုမျိုး မြောက်တယ် ဆိုတဲ့ နိုင်ငံတကာ ပြောဆို စွပ်စွဲမှုတွေ ရှိနေပါတယ်။ မစ္စတာ အာနန်တို့ ကော်မရှင် အနေနဲ့ ဘယ်လို ယူဆပါသလဲ။

ကိုဖီအာနန်။ ။ ဒီလို စွပ်စွဲမှုတွေ ရှိနေတဲ့ အခြေအနေမျိုးမှာ ထိရောက်ပြီး လွတ်လပ်တဲ့ စုံစမ်းမှုမျိုး လိုအပ်ပါတယ်။ ဒါဟာ ပြည်တွင်းက လူတွေနဲ့ပဲ ထပ်ဖွဲ့ပြီး စုံစမ်းမှာလား၊ နိုင်ငံတကာ စုံစမ်းမှု လုပ်မလား ဆိုတဲ့ အငြင်းပွားမှုထဲ ကျနော်တို့ ဝင်မပါချင်ပါဘူး။ မြန်မာအစိုးရက အခု လက်ရှိ ဖွဲ့ပေးထားတဲ့ ဒုတိယသမ္မတ ဦးဆောင်တဲ့ ခေါင်းဆောင်တဲ့ ကော်မရှင်ကို လက်ခံလား ဆိုတဲ့ မေးခွန်းမျိုး အမေးခံရတိုင်း ကျနော့် အနေနဲ့ အဖြေရ အလွန် ခက်ပါတယ်။ ကျနော်ကတော့ သူတို့ အလုပ်ပြီးတဲ့အခါ ဘယ်လို အဖြေထွက်လာမလဲ ဆိုတဲ့ အစီရင်ခံစာကို မတွေ့ရ မမြင်ရသေးပဲနဲ့ ပြောဖို့ဆိုတာ ခက်ပါတယ်။ သူတို့ တွေ့ရှိချက်တွေက ကောင်းချင်လည်း ကောင်းနိုင်သလို၊ လက်မခံနိုင်တဲ့ အပိုင်းတွေလည်း ပါဝင်ကောင်း ပါဝင် နေပါလိမ့်မယ်။

ဘီဘီစီမြန်မာပိုင်း။ ။ ၂ဝ၁၆ အောက်တိုဘာ ၉ ရက်၊ နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက် ခံခဲ့ရပြီးတဲ့ နောက်ပိုင်း ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်း နှစ်ခုကြား ပိုပြီး အလှမ်းဝေး လာသလို၊ မစ္စတာ အာနန် ဦးဆောင်တဲ့ ကော်မရှင် အပေါ်မှာလည်း ရခိုင် အသိုင်းအဝိုင်းဘက်က သံသယ ရှိနေပါတယ်။ ဒီတော့ ကော်မရှင်ဘက်က အကြံပြုသလို လူ့ အဖွဲ့အစည်း နှစ်ခု ညီညွတ်လာအောင် လုပ်ဖို့ ဆိုတာ လက်တွေ့မှာ ဖြစ်နိုင်မလား။

ကိုဖီအာနန်။ ။ ဒီလို တဖက်နဲ့တဖက် ပို အလှမ်းဝေးကွာ နေတာဟာ ကျနော်တို့ အနေနဲ့ အလုပ်ကို ပိုပြီး ကြိုးစား လုပ်လာဖို့ ဖြစ်လာပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံ တစ်ခုလုံးနဲ့ ရခိုင်ပြည်နယ် ရေရှည် အကျိုးအတွက် ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ပေးနိုင်ဖို့ အာရုံစိုက်ပါတယ်။ ဟိုအဖွဲ့က သာစေ ဒီအဖွဲ့က နာစေ ဆိုတဲ့ ဘက်လိုက်မှုလည်း မရှိပါဘူ။ ဒေသတွင်း စီးပွားရေး၊ လူမှုရေးနဲ့ အလုပ်အကိုင် ရှာဖွေရေး ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖို့ လိုအပ် နေတယ် ဆိုတာကို ရခိုင် တိုင်းရင်းသားတွေလည်း သဘောပေါက်ကြမှာပါ။

ဘီဘီစီမြန်မာပိုင်း။ ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နှုတ်ဆိတ် နေတယ် ဆိုတဲ့ ပြောဆို ဝေဖန်သံတွေ ရှိနေပါတယ်။ မစ္စတာ အာနန် အနေနဲ့ရော ဘယ်လို သုံးသပ် မိပါသလဲ။

ကိုဖီအာနန်။ ။ ကျနော်နဲ့ တွေ့တဲ့အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ကိစ္စကို အရေးတကြီး အာရုံစိုက်တာ တွေ့ရပါတယ်။ တပြည်လုံး ငြိမ်းချမ်းရေး ရအောင် မဖြစ်မနေ ကြိုးပမ်းနေတာကို ကြည့်ရင် နိုင်ငံတလွှားက နယ်မြေ ဒေသအားလုံး တည်ငြိမ်အေးချမ်း စေချင်တဲ့ ရည်မှန်းချက်မျိုး သူ့မှာ ရှိနေတာကို ပြသပါတယ်။ ကျနော်တို့ အဖွဲ့ကိုလည်း ကောင်းတဲ့ အကြံဉာဏ်တွေ ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အမြဲပဲ အလေးအနက် တိုက်တွန်းပါတယ်။

ဘီဘီစီမြန်မာပိုင်း။ ။ ကော်မရှင်ရဲ့ အခု အကြံ ပြုချက်တွေကို မြန်မာ စစ်ခေါင်းဆောင်တွေ ဘက်ကရော လိုက်လျောမယ်လို့ ထင်ပါသလား။

ကိုဖီအာနန်။ ။ ဗိုလ်ချုပ်မှူးကြီးနဲ့လည်း ကျနော် တွေ့ပြီးပါပြီ။ မြန်မာပြည် အရေး ကိစ္စတွေမှာ အစိုးရရော၊ တပ်မတော်ကပါ ပူးပေါင်း ပါဝင် လုပ်ဆောင် ရမယ်ဆိုတဲ့ အချက်အပေါ် ကျနော် နားလည်ပါတယ်။ ဒါ့ကြောင့် နှစ်ဘက်စလုံး ပူးပေါင်းဆောင်ရွက်ဖို့ ကျနော် အမြဲ တိုက်တွန်းပါတယ်။ အခု အစီရင်ခံစာ အကြောင်း သွားပြောတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပူးပေါင်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။