UMFCCI ဒုသမ္မတနဲ့တွေ့

  • 16 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဖွံ့ဖြိုးဖို့ အားယူနေတဲ့ ရန်ကုန်

ကုန်သည်နဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI လက်အောက်က စီးပွားရေး ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေတို့ တွေ့ဆုံခဲ့ပြီး အခွန်ကိစ္စ၊ ဆိပ်ကမ်းရှင်းလင်းရေးတွေ ဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်တိုင်းအတွင်း ကုန်သေတ္တာသိုလှောင်ရုံများ လိုအပ်ချက်နဲ့ နေရာချထားမှု မမှန်တာ၊ လျှပ်စစ်မီးနဲ့ စက်ယန္တရား မပြည့်စုံတာတွေကို အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဖြေရှင်းဖို့လည်း ညှိုနှိုင်းခဲ့ကြပါတယ်။

Withholding Tax (ပင်ရင်းက နုတ်ယူပေးသွင်းတဲ့ အခွန်) ကောက်ခံတာဟာ ပို့ကုန်မြှင့်တင်ရေး ကြိုးပမ်းနေချိန်မှာ မြန်မာ့လုပ်ငန်းရှင်တွေအပေါ် ပိုမိုဝန်ပိစေလို့ ပြန်လည်သုံးသပ်ပေးဖို့ ကုန်သည်တွေ ဘက်က တင်ပြခဲ့ကြပါတယ်။

ဒုတိယ သမ္မတ ဦးမြင့်ဆွေ နဲ့ UMFCCI လက်အောက်က စီးပွားရေး အဖွဲ့တွေ ပြီးခဲ့တဲ့ ဒီဇင်ဘာကစလို့ မကြာခဏ တွေ့ဆုံ ဆွေးနွေးပြီး စီးပွားရေး လုပ်ငန်းတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဖြေရှင်းတာ ဒါ စတုတ္ထ အကြိမ် ဖြစ်ပါတယ်။

ပုဂ္ဂလိကကဏ္ဍက ကြိုဆို

ရန်ကုန်တိုင်းအတွင်း ကုန်သေတ္တာတင်ယာဉ်တွေကို နံနက် ၁၁ နာရီက ညနေ ၃ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ကို တိုင်းအစိုးရက ခွင့်ပြုခဲ့လို့ ပုဂ္ဂလိကကဏ္ဍက ကြိုဆိုခဲ့ပါတယ်။

အကောက်ခွန်ဦးစီးဌာန က ဆိပ်ကမ်း တာဝန်ကျ ဝန်ထမ်း ၄ဝဝဝ ခန့် ထပ်လိုမယ်လို့ တင်ပြပြီး ဆိပ်ကမ်းတွေ မနိုင်မနင်း ဖြစ်တာကို ဖြေရှင်းဖို့ ရေကြောင်းက တိုက်ရိုက် ကုန်စည်သယ်ယူပို့ဆောင်မှုစနစ်ကို အစိုးရထံ တင်ပြထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းမှာ ဧရာဝတီမြစ်ကြောင်းတလျှောက် ကုန်သေတ္တာ သိုလှောင်ရုံတွေ ဆောက်ပြီး ရေကြောင်းက တိုက်ရိုက် ပြည်ပတင်ဆောင်မယ့် စနစ်ကို ဂျပန် အကူအညီနဲ့ စမ်းသပ်နေတယ်လို့ ဆိုပါတယ်။

အခု အခါ စီမံ ဘဏ္ဍာ ၀န်ကြီး ဒေါက်တာ ကျော်၀င်းနဲ့ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်တွေ တပတ်တခါ တွေ့ကြပြီး စီးပွားရေး လုပ်ငန်း အဆင့်ဆင့်မှာ ခက်ခဲ ကြန့်ကြာမှု မရှိအောင် ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၆ / ၁၇ ဘဏ္ဍာ နှစ် အတွက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၆ ဘီလျံ ရဖို့ မှန်းထားရာမှာ အခုတော့ အဲဒီ ရည်မှန်းတဲ့ ပမာဏ ပြည့်၀ ကျော်လွန်သွားပြီလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ