ကိုဖီအာနန် ကော်မရှင် အကြံပြုချက် ဘာတွေ စတင်လုပ်မလဲ

  • 17 မတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဝင် တချို့

ကုလ သမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်က မတ်လ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကြားဖြတ် အစီရင်ခံစာ ကို မြန်မာ အစိုးရက ကြိုဆို လိုက်ပြီး အကြံပြုချက် တွေကို ချက်ချင်း စတင် ထိထိ ရောက်ရောက် အကောင်အထည် ဖော်သွားမယ်လို့ ပြောပါတယ်။

လူသားချင်း စာနာ ထောက်ထားမှု အခြေအနေ တွေနဲ့ ပတ်သက်လို့ ဆောင်ရွက် နေပြီလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက် ခံရမှု နောက်ပိုင်း ရခိုင်ပြည်နယ်မှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်းမှု အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုပြီး ကုလ သမဂ္ဂက စွပ်စွဲမှု တွေလည်း ရှိနေပါတယ်။

ဒါနဲ့ပတ်သက်လို့ မစ္စတာ အာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက် ဖြစ်တဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု ကျူးလွန်သူ တွေကို စုံစမ်း စစ်ဆေး ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ချမှတ် ရမယ် ဆိုတာကို လက်ခံကြောင်းနဲ့ အရေးယူ ဆောင်ရွက် နေကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံသား စိစစ်ရေး ဆောင်ရွက်မှု တွေမှာ အောင်မြင်အောင် လုပ်ဆောင်ဖို့ အကြံပြုချက်နဲ့ ပတ်သက် လို့လည်း လူဝင်မှု ကြီးကြပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ ခေါင်းဆောင်တဲ့ ဦးဆောင် ကော်မတီကို ဖွဲ့စည်းထားပြီး ကွင်းဆင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပဋိပက္ခ ဖြစ်ရာဒေသ၊ အကြမ်းဖက် တိုက်ခိုက် ခံရတဲ့ ဒေသမှာ နိုင်ငံသား စိစစ်ရေး လုပ်ရတာ အခက် အခဲတွေ ရှိနေတဲ့ အတွက် အဲဒီလို ဦးဆောင် ကော်မတီ ဖွဲ့စည်း ဆောင်ရွက်တာ ဖြစ်တယ်လို့ လည်း ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံသား စိစစ်ရေး ဆောင်ရွက် ရာမှာ အဖြူရောင် သက်သေခံ ကတ်ပြား တွေကို ပြန်သိမ်းပြီး NVC ဆိုတဲ့ ကတ်တွေ ထုတ်ပေးတဲ့ နိုင်ငံသား စိစစ်မှု ကနဦး အစီအစဉ်ကို စတင် ဆောင်ရွက် နေပြီလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒါတွေဟာ သက်ဆိုင်သူတွေကို နိုင်ငံသား အခွင့် အရေး ပေးချင်တဲ့ အတွက် လုပ်ဆောင် နေတာတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အစိုးရရဲ့ လုပ်ဆောင်ချက် တွေကို သိရှိအောင် သူတို့ နားလည်တဲ့ ဘာသာ စကားနဲ့ မေယု FM ကနေ ထုတ်လွှင့်ပေးနေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

မစ္စတာ အာနန် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်မှာ ပါတဲ့ ဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းပြီး သူတို့ကို နေရာ ချထားရေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းချက်နဲ့ ပတ်သက်လို့တော့ နှစ်ဖက် လူမှု အသိုင်းအဝိုင်းရဲ့ သဘောထား အရ ဆောင်ရွက် သွားမယ်လို့ သူက ပြောပါတယ်။

ပဋိပက္ခ ဖြစ်သွား ခဲ့တဲ့ ဒေသမှာ နှစ်ဖက် အသိုင်းအဝိုင်း ကြား ယုံကြည်မှုတွေ ပျက်ပြား ခဲ့တဲ့ အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို အတော် လုပ်ယူ ရမယ်လို့ သူက ပြောပါတယ်။

အသိုင်းအဝိုင်း နှစ်ခုကို ခွဲထားပေးဖို့ ပြောဆိုမှုတွေ ရှိသလို မူလ နေရာတွေမှာ ပြန်ထားဖို့ ဆိုတဲ့ တိုက်တွန်းချက်တွေ ကလည်း ရှိနေတဲ့ အတွက် အတူယှဉ်တွဲ နေထိုင်ရာမှာ ပြဿနာတွေ ထပ်ဖြစ်လေမလားလို့ စိုးရိမ်မှုတွေလည်း ရှိနေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။