ဦးကိုနီ လုပ်ကြံခံရမှုမှာ ဖမ်းထားသူ ၄ ဦးကို စတင်စစ်ဆေး

  • 17 မတ် 2017
ဓာတ်ပုံ မူပိုင် ShewInnThar KhinMgWin
Image caption တရားခွင် စစ်ချက်ပေးမှုတွေမှာ သတင်းသမားတွေကို ကြည့်ရှု နားထောင်ခွင့် ပေးခဲ့ပေမယ့် ရုပ်သံ ရိုက်ကူးတာနဲ့ အသံဖမ်းတာတွေ ခွင့်မပြုခဲ့

NLD ဥပဒေ အကျိုးဆောင် အဖွဲ့ဝင် ဦးကိုနီ အသတ်ခံရမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့ လေးယောက်ကို မတ်လ ၁၇ ရက်နေ့မှာ ရန်ကုန် အရှေ့ပိုင်းနဲ့ အနောက်ပိုင်းအပါအဝင် မြောက်ပိုင်းခရိုင်က တရားသူကြီးက ဦးဆောင်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ပူးတွဲ စစ်ဆေးခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့ အဓိက ကျူးလွန်သူ ကြည်လင်းနဲ့ ပူးတွဲတရားခံ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို လူသတ်မှု၊ လက်နက်မှုတွေနဲ့ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပူးတွဲတရားခံ သုံးယောက်ကိုလည်း ပူးပေါင်းကြံစည်မှု၊ ပြစ်မှု ကျူးလွန်သူကို လက်သင့်ခံမှုနဲ့ပါ စစ်ဆေးခဲ့တာပါ။

ဒီအမှုမှာ ပါဝင်နေပြီး လွတ်မြောက်နေဆဲဖြစ်တဲ့ အောင်ဝင်းခိုင်ရဲ့ ဒေါပုံမြို့နယ်က နေအိမ်ကို မတ်လ ၁၀ ရက်နေ့က ရှာဖွေမှုနဲ့ ပတ်သက်ပြီးတော့လည်း ဒေါပုံမြို့နယ် အုပ်ချုပ်ရေးနဲ့ မှုခင်းရဲတွေရဲ့ စစ်ချက်ကို တရားသူကြီးက ကြားနာခဲ့ပါတယ်။

အောင်ဝင်းခိုင်ဟာ နေပြည်တော်နားမှာ ခြေရာဖျောက်သွားတာ ဖြစ်ပေမယ့် လောလောဆယ် ဖမ်းမိနိုင်ချေ မရှိသေးဘူးလို့လည်း အမှုစစ် ရဲအရာရှိက တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။

ဒီစစ်ဆေးမှုတွေမှာ အောင်ဝင်းခိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တရားလိုဘက်က တောင်းဆိုခဲ့ပေမယ့် တရားသူကြီးတွေက ပယ်ချခဲ့တဲ့အတွက် အထက်တရားရုံးကို ပြင်ဆင်မှုတင်သွင်းဖို့ လုပ်နေတယ်လို့ တရားလိုရှေ့နေ ဦးနေလက ဘီဘီစီကိုပြောပါတယ်။

လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကို ရဲတပ်ဖွဲ့ဝင်တွေဘက်က ဆက်လက်ရှာဖွေနေဆဲ ဖြစ်တဲ့အတွက် တရားခံပြေးအဖြစ် ဖမ်းဝရမ်း ထုတ်ဖို့ မလိုဘူးဆိုပြီး တရားသူကြီးတွေဘက်က ဆုံးဖြတ်ချက် ချခဲ့တာလို့ သိရပါတယ်။

တရားခံတဦးဖြစ်တဲ့ အောင်ဝင်းဇော်အတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဦးအောင်ခိုင်ကတော့ အမှုနဲ့ ပတ်သက်ပြီး တရားခံဘက်က ညွှန်ကြားချက် မရသေးတဲ့အပြင် တရားစွဲတဲ့ဘက်က အချက်အလက်တွေကို မစစ်ဆေးရသေးတဲ့အတွက် မှတ်ချက် မပေးနိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီအမှုမှာ ကျူးလွန်သူ သေနတ်သမား ကြည်လင်းကို ကျူးလွန်အပြီး မကြာခင်မှာပဲ ဖမ်းမိထားတာ ဖြစ်ပေမယ့် ပူးတွဲ ကြံစည်တဲ့ အောင်ဝင်းဇော်ကို ဖားအံမြို့အသွား သံလွင်တံတားထိပ်မှာ ညီဖြစ်သူ အောင်ဝင်းထွန်းနဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပြီး နောက်ထပ် ပူးတွဲ ကြံစည်သူ ဇေယျာဖြိုးကိုတော့ နောက်ပိုင်းမှာ ထပ်မံ ဖမ်းမိခဲ့တာပါ။

လွတ်မြောက်နေသေးတဲ့ အောင်ဝင်းခိုင်နဲ့ ဖမ်းမိထားတဲ့ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ဟာ ညီအကိုအရင်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး ဒီလို ထုတ်တဲ့ အချိန်မှာတော့ အောင်ဝင်းထွန်း မပါဝင်ခဲ့ပဲ အခုတကြိမ်ကျမှ စစ်ဆေးတဲ့အထဲ ပါဝင်လာတာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားခွင် စစ်ချက်ပေးမှုတွေမှာ သတင်းသမားတွေကို ကြည့်ရှု နားထောင်ခွင့် ပေးခဲ့ပေမယ့် ရုပ်သံ ရိုက်ကူးတာနဲ့ အသံဖမ်းတာတွေ ခွင့်မပြုခဲ့ပါဘူး။

စစ်ဆေးတဲ့ တရားခွင်မှာ သေနတ်သမား ကြည်လင်းနဲ့ ပူးပေါင်းကြံစည်သူ အောင်ဝင်းဇော်တို့က ရင်းနှီးတဲ့ အနေအထားနဲ့ စကားပြောဆိုတာ တွေ့ရပြီး ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကတော့ ငြိမ်ငြိမ်သက်သက်နဲ့ တရားသူကြီး ဖတ်ကြားတဲ့ ပုဒ်မတွေကို နားထောင်ခဲ့တယ်လို့ သိရပါတယ်။

နောက်တပတ် သောကြာနေ့မှာတော့ စွဲချက်တင်ထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ဆက်လက် စစ်ဆေးဖို့ အတွက် တတိယမြောက် ရုံးချိန်း တခုရှိပြီး အမှုနဲ့ ဆက်စပ်နေတဲ့ သက်သေ ၈၀ လောက်ကိုပါ ခေါ်ယူစစ်ဆေးမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ