NLD လွှတ်တော်မှာ ဥပဒေပြုရေးပိုင်းမှာ အားနည်းချက်တွေရှိနေ

  • 17 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption လွှတ်တော် အမတ်တွေ ကျမ်းကျိန်စဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ ဒုတိယအကြိမ် လွှတ်တော်ရဲ့ စတုတ္တပုံမှန်အစည်းအဝေး ပြီးဆုံးချိန်မှာ ဥပဒေ ပြုမှု ၁၈ခု လုပ်နိုင်ခဲ့ပါတယ်။

ဒီတစ်ကြိမ် လွှတ်တော်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် အသုံးစရိတ် ဆိုင်ရာ ဥပဒေကြမ်း ၊ အခွန် အကောက်ဆိုင်ရာ ဥပဒေကြမ်းနဲ့ အမျိုးသား စီမံကိန်း ဥပဒေကြမ်း တို့ကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။

ဒီဥပဒေ ကြမ်းတွေဟာ ၂၀၁၇-၁၈ မှာအစိုးရတဖွဲ့ တစ်ခုလုံးရဲ့ အသုံးစရိတ်တွေ ၊ ဖွံဖြိုးရေးလုပ်ငန်းတွေ အတွက် အသုံးပြုမဲ့စီမံကိန်းတွေနဲ့ ပြည်သူလူထုဆီက ကောက်ခံမဲ့ အခွန်ကောက်ဆိုင်ရာ ဥပဒေတွေဖြစ်ပါတယ်။

ဒါ့အပြင် ဥပဒေသစ်အနေနဲ့ နိုင်ငံသားများရဲ့ ပုဂ္ဂိုလိက ဆိုင်ရာ လွတ်လပ်ခွင့် ဥပဒေ အပါအဝင် ဥပဒေ ၄ ခုအတည်ပြု ပြဌာန်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်တာ ပြီးဆုံးသွားတဲ့ လွှတ်တော်မှာ ဥပဒေပြုတာ ပြင်တာ ဖျက်တာ စုစုပေါင်း ၁၈ ခုသာ လုပ်ဆောင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့လွှတ်တော်မှာတော့ တစ်နှစ်ကို ပျမ်းမျှ ဥပဒေ ၄၀ ကျော် ပြဌာန်းနိုင်ခဲ့ပါတယ်။

ဥပဒေကြမ်း ကော်မတီအနေနဲ့ ဥပဒေတွေ ပြဌာန်းတဲ့အခါ အရေအတွက်ထက် ပြည့်စုံတဲ့ ဥပဒေ မျိုးဖြစ်ဖို့ ဦးစားပေးဆောင်ရွက်တယ်လို့ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

အခုလို ဥပဒေပြု အပိုင်းမှာ အားနည်းသလို့ အစိုးရကို အပြန်အလှန် ထိန်းကျောင်းတဲ့ အပိုင်း မှာလဲ အားနည်းနေသေးတယ်လို့ ကိုယ်စားလှယ် တချို့ကဝေဖန်ကြပါတယ်။

ဒါ့အပြင် ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ သဘောထား မတူတာတွေကို လွှတ်တော် အစည်းအဝေးထဲ ဆွေးနွေးလို့ မရပဲ ဥပဒေကြမ်း ကော်မတီမှာပဲ ဆွေးနွေးခွင့်ရသလို အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိခိုက်မဲ့ မေးခွန်းမျိုး ၊ အဆိုမျိုးတွေ တပ်မတော်နဲ့ ဆိုင်တဲ့ မေးခွန်းတွေ အဆိုတွေ တင်လို့ မရဘူး လို့လဲ ကိုယ်စားလှယ် တချို့က ပြောပါတယ်။

ဒါကြောင့် NLD ပါတီက ဦးဆောင်တဲ့လွှတ်တော်ဟာ ပြည်သူ့ အသံထက် ပါတီရဲ့မူဝါဒက ပိုမိုကြီးစိုးနေတဲ့ လွှတ်တော်ပုံစုံမျိုးဖြစ်နေတယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ် တချို့ကဝေဖန် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ