သံလွင်မြစ်ပေါ်က တံတား အမည်ကိစ္စ UNA ကြေညာချက်ထုတ်

  • 19 မတ် 2017
Image caption ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ အမည်ပေးတာကို ဒေသခံတွေ ကန့်ကွက်

မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို ဆက်သွယ်မယ့် သံလွင်မြစ်ပေါ် ဖြတ်ထိုးထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ အမည်ပေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ( UNA ) စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့က အချက် ၅ ချက် ပါတဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်ထဲမှာ ဒေသခံ လူထု သဘောထားကို ဆန့်ကျင်ပြီး ကိုယ်အသာစီး ရထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ မဲဆန္ဒနဲ့ ဆုံးဖြတ်ခြင်းဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်းနဲ့ ဒီလို ဆုံးဖြတ်ခဲ့ခြင်းကြောင့် နောင်တချိန်မှာ တိုင်းရင်းသားတွေရဲ့ ဘဝ လုံခြုံရေးအထိ ထိခိုက်လာမှာကို စိတ်ပူပန်ရကြောင်း ဖော်ပြထားပါတယ်။

UNA အဖွဲ့ရဲ့ နည်းပညာအထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ( ၂ ) လည်း ဖြစ်တဲ့ ဦးစိုင်းကျော်ညွန့်က ဥပမာအားဖြင့် ဒီမိုကရေစီအရ ရှမ်းပြည်နယ်က မြို့နယ်တစ်ခုရဲ့ နာမည်ကို မဲအများစုနဲ့ ဆုံးဖြတ်ပြီး နာမည်ပြောင်းမှာကို စိုးရိမ်ရတယ်လို့ ပြောပါတယ်။

UNA အနေနဲ့ ဒီကိစ္စမှာ ဒေသခံ ပြည်သူတွေရဲ့ ဆန္ဒကို ထောက်ခံ သွားမယ်လို့လည်း ကြေညာချက်ထဲမှာ ပါရှိပါတယ်။

မော်လမြိုင်နဲ့ ချောင်းဆုံကို ဆက်သွယ်မယ့် တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးဖို့ မကြာသေးခင် ရက်ပိုင်းက လွှတ်တော်မှာ ဆွေးနွေး အတည်ပြု ခဲ့ကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေသခံတွေက မကျေနပ်တဲ့အတွက် တနင်္ဂနွေနေ့မှာ မော်လမြိုင်မြို့မှာ လူထောင်နဲ့ချီ ဆန္ဒပြကြဖို့ စီစဉ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ