သံလွင်(ချောင်းဆုံ)တံတား နာမည်ပြောင်းကိစ္စ သောင်းချီဆန္ဒပြ

  • 19 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption သံဃာတော်တွေ၊ ကရင်နဲ့ ပအို့ဝ် တိုင်းရင်းသားတွေ အပါအဝင် မွန်တိုင်းရင်းသားတွေ သောင်းနဲ့ချီပြီး ကန့်ကွက် ဆန္ဒပြခဲ့

မွန်ပြည်နယ်က ချောင်းဆုံနဲ့ မော်လမြိုင်မြို့တွေကို ဆက်သွယ်ပေးမယ့် သံလွင်မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် နာမည်ပေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက်မှာ သံဃာတော်တွေ၊ ကရင်နဲ့ ပအို့ဝ် တိုင်းရင်းသားတွေ အပါအဝင် မွန်တိုင်းရင်းသားတွေ သောင်းနဲ့ချီပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဗိုလ်ချုပ်အောင်ဆန်းတံတား အလိုမရှိ၊ တိုင်းရင်းသားဆန္ဒနဲ့ မညီတဲ့ လုပ်ရပ် ချက်ချင်းရပ်ဆိုတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး အစိုးရသစ် တက်ပြီးနောက်ပိုင်း အင်အားအများဆုံး ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။

အခုသတင်းပတ် အစောပိုင်းမှာ ဒီတံတား နာမည်ပေးမယ့်ကိစ္စကို ဒေသခံ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပေမယ့် ဒေသခံလူထုရဲ့ သဘောထားကို လျစ်လျူရှုခဲ့တယ်လို့ ဆန္ဒပြသူတွေက ဝေဖန်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ဖက်ဒရယ်ဖြစ်မြောက်ရေးကို မလုပ်ပဲ ဒေသခံဆန္ဒကို ဆန့်ကျင်ပြီး တိုင်းရင်းသား ဒေသတွေမှာ ဗိုလ်ချုပ်ရုပ်ထုတွေ လိုက်ထားတာ၊ တံတားတွေ ဗိုလ်ချုပ်အောင်ဆန်း နာမည်ပေးတာတွေကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဖြစ်မြောက်လာဖို့ မလွယ်ကူဘူးလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ကိုမင်းမင်းလတ် က ဘီဘီစီကို ပြောပါတယ်။

ဒီဆန္ဒပြပွဲမှာ ကရင်တိုင်းရင်းသားအဖွဲ့တွေကို ဦးဆောင်သူလည်းဖြစ် မွန်ပြည်နယ်လွှတ်တော်ရဲ့ တိုင်းရင်းသားရေးရာ ကော်မတီဝင်လည်း ဖြစ်တဲ့ ကိုစောကျော်မိုးကတော့ ဒေသခံတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီး အခုလို နာမည်ပြောင်းတော့မှာ ဖြစ်တဲ့အတွက် ပြည်နယ်တွင်း ဒီမိုကရေစီ ဆိတ်သုဉ်းသွားပြီလို့ ဝေဖန်ခဲ့ပါတယ်။

အခုလို တံတားနာမည်ကို ဗိုလ်ချုပ်အောင်ဆန်းနာမည် ပေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့ထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ကန့်ကွက်စာ ထုတ်ထားသလို တိုင်းရင်းသား လူမှုကူညီရေးအဖွဲ့တွေကလည်း ကန့်ကွက်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မကြာမီကမှ မွန်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ ဒေါက်တာ အေးဇံကတော့ အခုလို ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် နာမည်ပေးဖို့ ကိစ္စကို ပြည်ထောင်စုက အတည်ပြုထားတဲ့အတွက် ပြည်နယ်အစိုးရက အကောင်အထည်ဖော်ပေးရမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခုလို ဗိုလ်ချုပ်အောင်ဆန်းနာမည်ပေးမယ့် ဒီတံတားကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင် ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး လာမယ့် ဧပြီလမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ