ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာကို အီးယူ ထောက်ခံ

  • 20 မတ် 2017
Image caption ကိုဖီအာနန်ကော်မရှင်က အီးယူရဲ့ အစောပိုင်းက တိုက်တွန်းချက်တွေကို ထပ်လောင်း အတည်ပြုသလို ဖြစ်တယ်လို့ အီးယူဘက်က ပြော

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာကနေ မြန်မာအစိုးရအပေါ် တိုက်တွန်းချက်တွေနဲ့ မြန်မာအစိုးရဘက်က အကောင်အထည်ဖော်မယ်ဆိုတဲ့ကတိအပေါ် ကြိုဆိုကြောင်း မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

ဒီကြားဖြတ်အစီရင်ခံစာဟာ ရခိုင်ပြည်နယ်တွင်း နေထိုင်ကြတဲ့ သန်းတဲ့ချီတဲ့ လူတွေအပြင် မြန်မာနိင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ပိုမိုကျယ်ပြန့်တဲ့ နိင်ငံတကာအသိုင်းအဝိုင်းထိ အရေးကြီးတဲ့ အစီရင်ခံစာတစ်ခု ဖြစ်တယ်လို့ မတ်လ ၁၈ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဥရောပသမဂ္ဂကလည်း ပြဿနာရဲ့ အရင်းအမြစ် အကြောင်းအရင်းကို ကိုင်တွယ်ဖြေရှင်းဖို့ အရင်က ပြောထားခဲ့ကြောင်း ၊ အဲဒီထဲမှာ နိုင်ငံမဲ့မှုနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ဖို့ ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု တူညီစွာ ရရှိစေဖို့၊ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်ရှိစေဖို့တွေ ပါဝင်တယ်လို့ ပြောပါတယ်။ အဲဒီအချက်တွေကို ကိုဖီအာနန်ရဲ့ ကော်မရှင်ကလည်း ထပ်လောင်း ပြောဆိုထားပါတယ်။

ကော်မရှင် အကြံပြုချက်တွေ အကောင်အထည်ဖော်ရေးမှာ အီးယူဘက်က အားပေးကူညီသွားမယ်လို့လည်း ဖော်ပြပါတယ်။

ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေမှာ လူ့အခွင့် အရေး ချိုးဖောက်မှု ကျူးလွန်သူ တွေကို စုံစမ်း စစ်ဆေး ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့၊ နိုင်ငံသား စိစစ်ရေး ဆောင်ရွက်မှု တွေမှာ အောင်မြင်အောင် လုပ်ဆောင်ဖို့၊ ဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းပြီး သူတို့ကို နေရာ ချထားရေး ဆောင်ရွက်ပေးဖို့၊ မီဒီယာတွေကို ရခိုင်ဒေသတွင်း သွားရောက်သတင်းယူခွင်ပေးဖို့တွေလည်း ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ