သမ္မတဒူတာတေး မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

  • 20 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့်နဲ့ တိုက်ဆိုင်ပြီး ရောက်လာတဲ့ မစ္စတာ ဒူတာတေးကို သမ္မတ ဦးထင်ကျော်က ဂုဏ်ပြု တပ်ဖွဲ့နဲ့ ကြိုဆိုခဲ့

မြန်မာ နိုင်ငံကို ၂ ရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေး ဟာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦးထင်ကျော် ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ သီးခြားစီ ဆုံ ခဲ့ပါတယ်။

မြန်မာ နဲ့ ဖိလစ်ပိုင် နှစ်နိုင် ငံကြား သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့်နဲ့ တိုက်ဆိုင်ပြီး မြန်မာ နိုင်ငံကို တရားဝင် ခရီးစဉ် အဖြစ် တနင်္ဂနွေ နေ့က ရောက်လာ တာဖြစ်ပြီး မစ္စတာ ဒူတာတေးကို သမ္မတ ဦးထင်ကျော်က ဂုဏ်ပြု တပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ ပါတယ်။

ဧပြီလ ကျရင် အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန် ယူတော့မယ့် သမ္မတ ဒူတာတေးဟာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ရေး၊ စိုက်ပျိုးရေး ကဏ္ဍ၊ ရခိုင်ပြည်နယ် အရေး၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး၊ အာဆီယံ ဒေသတွင်း နဲ့ သတင်း မီဒီယာ ကိစ္စရပ်တွေ ကို မြန်မာ ခေါင်းဆောင်တွေ နဲ့ ဆွေးနွေး ခဲ့ပါတယ်။

မြန်မာ ဖိလစ်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်ကြည့်မယ် ဆိုရင်တော့ မြန်မာ နိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်စဉ် အဲဒီတုန်းက ဖိလစ်ပိုင် သမ္မတ ကိုရာဇန် အာကွီနို ဟာ မြန်မာ့ ဒီမိုကရေစီ အရေး အတွက် ထောက်ခံ အားပေးခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာနဲ့ ဖိလစ်ပိုင် အကြား သံတမန် ဆက်ဆံရေးဟာ ပုံမှန် သမားရိုးကျသာ အနေဖြင့်သာ တည်ရှိ နေခဲ့ပြီး၊ စီးပွားရေး အရလည်း အထူး ဆက်ဆံ တာမျိုး မရှိခဲ့ပါ။

အခုတော့ မြန်မာနဲ့ စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ တွေမှာ လက်မှတ် ထိုးတယ်လို့ သိရပါတယ်။

မစ္စတာ ဒူတာတေး နဲ့ မြန်မာ နိုင်ငံ အကြား အာဆီယံ အဖွဲ့ဝင် နိုင်ငံ တခု အနေနဲ့ အဓိက ပြောဆို ဆက်ဆံမှု တွေ ဖြစ်လာ နိုင်တယ်လို့ အငြိမ်းစား သံတမန် တဦး ဖြစ်တဲ့ ဦးစိန်ဝင်းအောင် က ဘီဘီစီ ကိုပြောပါတယ်။

အာဆီယံ အတွက်လည်း အာဆီယံရဲ့ ရှေ့လုပ်ငန်း စဉ်တွေ အတိုင်း ဒူတာတေး အနေနဲ့ လုပ်ဖို့ လိုကြောင်း၊ သူ့ နိုင်ငံ ပုံစံ အတိုင်း ချပြ လုပ်ဆောင် တာမျိုး ဆိုရင် အခက်အခဲ ဖြစ်မယ်လို့ ဦးစိန်ဝင်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ