ကိုဆွေဝင်းကို ထပ် တရားစွဲဖို့ တိုင်ပြန်ပြီ

  • 20 မတ် 2017
ဓာတ်ပုံ မူပိုင် Shwe Innthar Khin Maung Win
Image caption ပထမ စွဲဆို ခံထားရတဲ့ ပုဒ်မ ၆၆ (ဃ)နဲ့ ပတ်သက်လို့ ကိုဆွေဝင်းကို မေးမြန်းစဉ်

မြန်မာနောင်း သတင်းဌာနက သတင်းထောက် ကိုဆွေဝင်းကို ကြည့်မြင်တိုင် မြို့နယ်မှာ နေတဲ့ ဦးသက်မျိုးဦးက သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားရုံးမှာ ဦးတိုက် လျှောက်ထားတဲ့ အမှုကို လက်ခံလိုက်ပြီး ဧပြီ ၃ ရက်နေ့မှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။

မတ်လ ၈ရက် နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ကိုဆွေဝင်းက သံဃာ တစ်ပါးကို ပုတ်ခတ်ပြီး ဘာသာ သာသနာကို ညှိုးနွမ်းစေဖို့ အကြံနဲ့ မမှန်မကန် စွပ်စွဲ ပြောဆိုတယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မနဲ့ အရေးယူပေးဖို့ ကိုသက်မျိုးဦးက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

တိုင်ကြားရတဲ့ အကြောင်းက သူတို့ ကိုးကွယ်ရာကို ယုံကြည်မှု ယုတ်လျော့အောင်၊ သံဃာ တစ်ပါးကို အကြည်ညို ပျက်အောင် လုပ်တယ်လို့ ခံစားရတဲ့ အတွက် ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနဲ့ စိတ်မကောင်းလို့ တိုင်တာ ဖြစ်တယ်လို့ ကိုသက်မျိုးဦးက ပြောပါတယ်။

ဆရာတော် ဦးဝီရသူ ဆိုတာထက် သံဃာ တစ်ပါးကို ပါရာဇိကနဲ့ ပြောတာကို မကြိုက်တာလို့ သူက ဆိုပါတယ်။

တရားစွဲခံရတဲ့ ကိုဆွေဝင်းရဲ့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့် ကတော့ ကိုဆွေဝင်းဟာ သတင်း မီဒီယာ လုပ်ငန်း ဆောင်ရွက် တာသာ ဖြစ်ပြီး ဘယ် ဘာသာ သာသနာ ကိုမှ ညိုးနွမ်းအောင် ရည်ရွယ်ချက် ရှိရှိ လုပ်တာ မဟုတ်လို့ သတင်း မီဒီယာ ကောင်စီနဲ့ သက်ဆိုင်ရာကို လိုအပ်သလို ဆောင်ရွက်ပေးဖို့ တင်ပြ ထားတယ်လို့ ပြော ပါတယ်။

အခု တိုင်ကြားတဲ့ အမှုကို ဆက်လက် စစ်ဆေး မဆေး စတင် ကြားနာမယ့် လာမယ့် ဧပြီ ၃ ရက်နေ့မှာ ရဲက သူ့ရဲ့ စစ်ဆေးမှု အစိရင်ခံစာကို တင်မှာ ဖြစ်ပြီး အဲဒီ အစီရင်ခံစာအရ တရားသူကြီးက အမှုကို ပလပ် မလား ဆက် စစ်ဆေးမလား ဆိုတာ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဦးခင်မောင်မြင့်က ပြော ပါတယ်။

မန္တလေးမြို့က ဦးကျော်မျိုးရွှေ ဆိုသူကလည်း အင်တာနက် စာမျက်နှာမှာ ဆရာတော် ဦးဝီရသူကို ပုတ်ခတ် ရေးသားတယ်ဆိုပြီး ကိုဆွေဝင်းကို ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃနဲ့ တိုင်ကြားထားတဲ့ အမှုကိုတော့ မန္တလေး ရဲက စစ်ဆေး နေဆဲ ဖြစ်ပါတယ်။