မိုင်းရှူးမှာ မဲရုံတွေ ဖျက်သိမ်းဖို့ NLD တင်ပြထား

  • 21 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်တဲ့ လက်ကမ်းစာစောင် ဝေနေတဲ့ NLD အဖွဲ့ဝင် တစ်ယောက်

လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်ဖို့ ရှိတဲ့ မြန်မာ နိုင်င်ငံ ကြားဖြတ် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ် အတွင်း က မဲဆန္ဒနယ် သုံးခုကို လုံခြုံရေး အရ ဖျက်သိမ်း ပေးဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြ ထားတယ်လို့ ရွေးကောက်ပွဲဝင်မယ့် NLD ကိုယ်စားလှယ်လောင်း တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါဟာ အဲဒီ ဒေသက မဲဆန္ဒရှင်တွေရဲ့ မဲပေးခွင့် အခွင့်အရေးကို မလေးမစား ပြုတာလို့ မိုင်းရှူး ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် အရွေးခံမယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က စိုင်းထွန်းအေးက ပြောပါတယ်။

NLD က ပိတ်ဖို့ တင်ပြထားတဲ့ မဲရုံ ၅ ရုံ အထိရှိပြီး အခုလို မဲရုံတွေကို ဖျက်သိမ်း လိုက်မယ် ဆိုရင် အဲဒီဒေသက လူတွေရဲ့ ထောက်ခံမှု အများဆုံးရနေတဲ့ ပါတီတွေ နစ်နာတယ်လို့လည်း သူက ပြောပါတယ်။

မိုင်းရှူး မြို့နယ်မှာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၄သောင်းကျော် ရှိပြီး ဖျက်သိမ်းဖို့ တင်ပြထားတဲ့ မဲရုံ ၅ ရုံ အတွက် မဲပေးခွင့် ရှိသူ ၆ထောင်ကျော် ရှိပါတယ်။

အဲဒီ မဲရုံတွေဟာ မိုင်းရှူးကနေ ဆိုင်ကယ်နဲ့ ၁ နာရီကျော် ကြာသွားရတဲ့ နေရာတွေမှာ ရှိပါတယ်။

လုံခြုံမှု မရှိလို့ ဖျက်သိမ်းပေးဖို့ တောင်းဆို တယ် ဆိုပေမဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း မပြောဘူးလို့ စိုင်းထွန်းအေးက ပြောပါတယ်။

မိုင်းရှူးမြို့နယ်က မဲဆန္ဒနယ်တွေမှာ ရဲ၊ စစ်တပ်၊ မီးသတ်နဲ့ ပြည်သူ့စစ်တွေရဲ့ လုံခြုံရေး အကူအညီ မယူဘဲ ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ နိုင်ငံရေး ပါတီတွေပူးပေါင်းပြီး ရွေးကောက်ပွဲ အောင်မြင်ရေး ပူးပေါင်း လုပ်ဆောင် ကြမယ်လို့ ကော်မရှင်က ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

NLD ပါတီကိုယ်စား မိုင်းရှူးမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ပြိုင်မယ့် ဦးဝင်းနိုင်ကတော့ သူတို့တင်ပြ ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ မတ်လ ၂၃ ရက်နေ့မှ အကျိုးအကြောင်း သိရ မယ်လို့ ပြောပါတယ်။

မိုင်းရှူးမှာ NLD ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ ဝ ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ကျားဖြူ ပါတီလို့ လူသိ များတဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP တို့ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

တိုင်းရင်းသား ပါတီတွေ ဘက်ကတော့ NLD ပါတီ ဘက်က တင်ပြထားသလို တဲ့ မဲရုံ တွေကို ရုပ်သိမ်း လိုက်မယ်ဆိုရင် မျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ ပြောနေကြပါတယ်။