ရခိုင် စုံစမ်းရေး အဖွဲ့ နယ်စပ်က ဒုက္ခသည်တွေနဲ့ သွားရောက် တွေ့ဆုံ

  • 21 မတ် 2017
Image caption လွတ်လပ်တဲ့ စုံစမ်းမှုတွေ ပြုလုပ်ဖို့ တောင်းဆိုသံတွေ ရှိနေ

ရခိုင် ပြည်နယ် မြောက်ပိုင်း ဖြစ်ပေါ် ခဲ့တာတွေကို စုံစမ်းဖို့ အစိုးရက ဖွဲ့ထားတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကော်မရှင်ထဲက အဖွဲ့ဝင် တချို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေပြီး နယ်စပ်က ဒုက္ခသည်တွေနဲ့ သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။

ဦးဇော်မြင့်ဖေ ဦးဆောင်တဲ့ ကော်မရှင်ဝင် တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဆက် ဘဇား ခရိုင်ထဲ ရှိနေတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး အဲဒီမှာ ရှိနေ ကြသူတွေနဲ့ တွေ့ဆုံ ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီ သူတွေဟာ ရခိုင် ပြည်နယ်ကနေ ဘာကြောင့် ထွက်ပြေး လာရတာလဲ ဆိုတာ အပါအဝင် ဘယ်လို အခက်အခဲတွေ ရှိနေသလဲ ဆိုတာ သွားရောက် စုံစမ်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ရွာတွေ မီးရှို့ခံရ၊ လူတွေကို သတ်ဖြတ်တာ ခံရလို့ ထွက်ပြေး ခဲ့ရတာ ဖြစ်တယ် ဆိုပြီး ထွက်ဆို သူတွေ ရှိကြောင်း ဒေသခံ သတင်းထောက်တွေ အဆိုအရ သိရပါတယ်။

ဒါပေမယ့်လည်း မြန်မာ နိုင်ငံသားတွေ အဖြစ် မြန်မာဘက်ခြမ်းက အာဏာပိုင်တွေက လက်ခံ အသိအမှတ်ပြုရင် ပြန်လိုတယ်လို့ ပြောဆို သူတွေလည်း ရှိနေပါတယ်။

ကော်မရှင် အဖွဲ့ဝင်တွေဟာ မတ်လ ၂၁ ရက်၊ အင်္ဂါနေ့ မှာတော့ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါက္ကာ ကို သွားနေကြပြီး အဲဒီမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ သွားမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်ကို ရခိုင် အရေး စုံစမ်းရေး ကော်မရှင်ဝင်တွေ သွားရောက် နေချိန်မှာပဲ၊ ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေဆီ ကွင်းဆင်းခဲ့ကြတဲ့ ကော်မရှင်ဝင် တချို့လည်း ရှိခဲ့ပါတယ်။

ရခိုင် ပြည်နယ် မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန် ခဲ့ကြသူတွေ အဖြစ် ဖမ်းဆီး တရားစွဲ ခံထားရသူတွေကို ထိန်းသိမ်းထားတဲ့ ရဲစခန်းတွေ၊ ကြားနာ စစ်ဆေး နေတဲ့ တရားခွင်တွေကို ဦးအောင်နိုင် ဦးဆောင်တဲ့ ကော်မရှင် အဖွဲ့ဝင် တချို့ လေ့လာ ခဲ့ကြတာ ဖြစ်ပါတယ်။

ဖမ်းဆီး ခံထားရသူတွေ အပေါ် နှိပ်စက် ညှင်းပမ်းမှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင် အဖွဲ့ဝင်တွေ အလေးထား စုံစမ်း ခဲ့ပြီး၊ အဲဒီ ဖမ်းခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ တွေ့ဆုံခွင့် ရရေး ကိစ္စမျိုးတွေကို ကော်မရှင် အဖွဲ့ဝင်တွေ အကူအညီ ပေးခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ အတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်ခြားစောင့် ရဲကင်းတွေ တိုက်ခိုက် ခံခဲ့ရအပြီး အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဆောင်ရွက်ခဲ့တဲ့ နယ်မြေ ရှင်းလင်းရေး တွေမှာ အရပ်သား မွတ်ဆလင်တွေပါ ပစ်မှတ်ထား ခံခဲ့ရတယ် ဆိုတဲ့ နိုင်ငံတကာ ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေပါတယ်။

ဖြစ်ပေါ် ခဲ့တာတွေကို စုံစမ်းဖို့ အစိုးရက ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကော်မရှင် ဖွဲ့ထား ပေမယ့်လည်း အစိုးရနဲ့ မသက်ဆိုင်ပဲ လွတ်လပ်တဲ့ စုံစမ်းမှုတွေ ပြုလုပ်ဖို့ တောင်းဆိုသံတွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ