မန္တလေးမှာ ဆိုင်ကယ် မောင်းသူ သေနတ်ပစ်ခံရ

  • 22 မတ် 2017
ဓာတ်ပုံ မူပိုင် Ma Yin Myo Thwe
Image caption ၇၁ လမ်းနဲ့ ၇၂ လမ်းကြား ကျန်စစ်သား လမ်းပေါ်မှာ ကိုရဲဝင်း ဆိုင်ကယ်မှောက်ခဲ့

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်မှာ မတ်လ ၂၂ ရက် မနက်ပိုင်းက ဆိုင်ကယ် စီးလာသူ တစ်ယောက် ဦးခေါင်းကို သေနတ် နဲ့ ပစ်ခံရလို့ ပွဲချင်းပြီး သေဆုံး သွားပါတယ်။

သေဆုံးသူက ၆၇ လမ်းနဲ့ ၆၈ လမ်းကြား၊ ကျန်စစ်သား လမ်းမှာ နေတဲ့ အသက် ၃၅ နှစ် အရွယ် ဆိုင်ကယ် တက္ကဆီ မောင်းသူ ကိုရဲဝင်း ဆိုသူဖြစ်တယ်လို့ သူ့မိသားစုဝင်က ဘီဘီစီကို ပြော ပါတယ်။

ကိုရဲဝင်းကို တွေ့တဲ့ လမ်းက လူတစ်ယောက်က သူဆိုင်ကယ်မှောက်လို့ သတိလစ်နေတယ်ဆိုပြီး ကိုရဲဝင်း ဖုန်းမှာ တွေ့တဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ နံပတ်ကို ဆက်သွယ် အကြောင်းကြား ခဲ့တဲ့ အတွက် သူက တဆင့် မိသားစုကို လာခေါ်တာလို့ သေဆုံးသူရဲ့ညီ ကိုရဲထွန်းက ပြောပါတယ်။

ဘေးက တွေ့သူ တွေက ကိုရဲဝင်း ဆိုင်ကယ်စီး လာရာမှာ အရှိန်လွန်ပြီး အုတ်နံရံကို ဝင်တိုက် ခဲ့တာ မြင်ရတယ်လို့ ပြောကြောင်း သူက ဆိုပါတယ်။

ဒါပေမဲ့ သူ့ကို ခေါ်သွားခဲ့တဲ့ မန္တလေး ပြည်သူ့ ဆေးရုံကြီးက ပြောမှ ရိုးရိုး ဆိုင်ကယ် မှောက်တာ မဟုတ်ဘဲ သေနတ်မှန်ပြီး သေတယ် ဆိုတာ သိရ တယ်လို့ ကိုရဲထွန်းက ပြောပါတယ်။

ကိုရဲဝင်းကို တစုံ တစ်ယောက်က လုပ်ကြံ သတ်ဖြတ် တာလားဆိုတာကိုတော့ မိသားစုက သိချင်တယ်လို့ သူက ပြောပါတယ်။

ဒီအမှုကို လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့က တရားလိုလုပ် အမှုဖွင့် ထားပြီး လက်သည်ကို စုံစမ်း နေ ပါတယ်။