မွန်ပြည်သစ်ပါတီက NCA စာချူပ် လက်မှတ်ထိုးမယ်

  • 23 မတ် 2017
ဓာတ်ပုံ မူပိုင် MOI facebook
Image caption မတ်လ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေ ဆွေးနွေး

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA မှာ ပါဝင် လက်မှတ် ထိုးဖို့ နီးစပ်လာနေပြီလို့ မွန်ပြည်သစ်ပါတီ MNSP က ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့က သံဃာတော်တွေ၊ မွန်နိုင်ငံရေး ပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်း တွေနဲ့ တွေ့ဆုံပြီး သဘောထား တောင်းခံခဲ့ရာမှာလည်း အားလုံးက လက်မှတ်ထိုးဖို့ တိုက်တွန်း ခဲ့ကြ ပါတယ်။

မွန်ပြည်သစ် ပါတီကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်တဲ့ အတွက် NCA လမ်းကြောင်းအတိုင်း သွားချင်တဲ့ တခြား အဖွဲ့ဝင်တွေရဲ့ သဘောထား အတိုင်း ပဲ ဖြစ်တယ်လို့ မော်လမြိုင်မြို့က မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီဝင် နိုင်ဟံသာ ဗွန်ခိုင် က ပြောပါတယ်။

UNFC ခေါင်းဆောင်တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး UNFC က တင်ပြထားတဲ့ မူ ၉ ချက်နဲ့ ပတ်သက်လို့ မူအရ သဘောတူ ခဲ့ကြပြီး အပြုသဘောဆောင်တဲ့ အတွက် NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ သူက ပြောပါတယ်။

ဒါပေမဲ့ ပန်ခမ်း တိုင်းရင်းသား ညီလာခံ အပြီး ထွက်ပေါ်လာတဲ့ ကြေညာချက် မတိုင်ခင် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ရင် ပိုပြီး အခြေအနေကောင်းမယ်လို့ သူက ပြောပါတယ်။

အခုအချိန်မှာ လက်မှတ်ထိုးဖို့ အခြေအနေ ရောက်နေပြီဖြစ်ပြီး ဘယ်အဖွဲ့တွေ ထိုးမလဲ ဆိုတာပဲ ရှိတော့တယ်လို့ သူက ပြောပါတယ်။

ငြိမ်းချမ်းရေးကို သွားချင်ရင် NCA လမ်းကြောင်းအတိုင်း သွားရမယ် ဆိုတာ မွန်ပြည်သစ် ပါတီက လက်ခံထားပြီး ဖြစ်တယ်လို့ နိုင်ဟံသာ ဗွန်ခိုင်က ပြောပါတယ်။

NCA လက်မှတ်ထိုးရာမှာ UNFC အဖွဲ့ဝင်တွေ အားလုံး အတူ ရေးထိုးဖို့ ရပ်တည်ချက် ရှိခဲ့ကြပြီး လောလောဆယ်မှာ NCA လမ်းကြောင်း အတိုင်း သွားလိုတဲ့ အဖွဲ့တွေနဲ့ ပန့်ခမ်း ကြေညာချက် အတိုင်း သွားလိုတဲ့ အဖွဲ့တွေ ဆိုပြီး သဘောထား မတူညီတာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

မွန်ပြည်သစ် ပါတီ အနေနဲ့ကတော့ UNFC တစ်ဖွဲ့လုံး သဘောတူ ဆောင်ရွက်တာမျိုး ဖြစ်ချင်ပေမဲ့ အားလုံး တညီတညွတ်တည်း မဖြစ်နိုင်ရင်တော့ NCA လမ်းကြောင်း အတိုင်းသွားလိုတဲ့ အဖွဲ့တွေနဲ့ အတူ လက်မှတ် ထိုးမယ်လို့ နိုင်ဟံသာ ဗွန်ခိုင်က ပြောပါတယ်။