မိုင်းရှူး မဲရုံတချို့အရေး ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် စိစစ်နေ

  • 23 မတ် 2017
Image caption လုံခြုံရေး အကြောင်းပြချက်နဲ့ မဲရုံတချို့ ပိတ်ဖို့ NLD တောင်းဆို။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ တောင်းဆို ထားသလို ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်ထဲက မဲရုံတချို့ကို ဖျက်သိမ်း သင့်သလား ဆိုတာကို ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ဆန်းစစ် နေပါတယ်။

မိုင်းရှူး မြို့နယ်ထဲက ကျေးရွာတချို့မှာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကျရင် စီစဉ် ထားသလို မျိုး ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်လောက်အောင် အခြေအနေမျိုး ရှိရဲ့လား ဆိုတာကို စေ့စပ် ညှိနှိုင်းရေး ကော်မတီ၊ လုံခြုံရေးနဲ့ စီမံခန့်ခွဲရေး ကော်မတီ တို့နဲ့ အတူ ပြည်နယ် ကော်မရှင် ဥက္ကဌ ပါဝင်ပြီး ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ပြည်နယ် အဆင့် ကော်မရှင်ရဲ့ တွေ့ရှိချက်တွေ ထွက်ပေါ် လာတဲ့ အခါမှသာ မဲရုံတချို့ကို ပယ်ဖျက်သင့် မသင့်ကို ပြည်ထောင်စု ကော်မရှင်က ဆုံးဖြတ် သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

မိုင်းရှူးမြို့နယ် မော်မိ ၊ ကွန်ချောင်း နဲ့ညောင်အဲ့ ကျေးရွာအုပ်စုက မဲဆန္ဒ နယ်မြေတွေမှာ လုံခြုံရေး အားနည်းလို့ မဲရုံတွေ ဖျက်သိမ်းပေးဖို့ NLD ပါတီက တောင်းဆို ထားတာ ဖြစ်ပါတယ်။

NLD ပါတီနဲ့ အပြိုင် အရွေးကောက်ခံမယ့် ရှမ်းပါတီ တွေ ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ)နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း)ပါတီတွေ ကတော့ မဲရုံတွေကို မပယ်ဖျက် စေချင်တဲ့ သူတို့ရဲ့ သဘောထားတွေကို ဘီဘီစီကို ပြောထားပါတယ်။

မိုင်းရှူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD၊ ကျားဖြူ ကျားခေါင်း ရှမ်းပါတီတွေ အပြင် ကြံခိုင်ဖွံ့ဖြိုးရေးနဲ့ ဝတိုင်းရင်းသားပါတီ တို့လည်း ဝင်ရောက် ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။