မူဆယ် ကုန်သည်တွေရဲ့ ဘဏ်စာရင်း တရုတ် ပြန်ဖွင့် ပေးတော့မလား

  • 23 မတ် 2017
Image caption မူဆယ် ကုန်သည်တွေ တရုတ်ဘဏ် စာရင်းတွေ ပြန်ရဖို့ မျှော်လင့်

တရုတ် နိုင်ငံထဲက ဘဏ်တွေမှာ ဘဏ်စာရင်း ပိတ်သိမ်း ခံထားရတဲ့ မြန်မာဘက်ခြမ်းက ကုန်သည်တွေရဲ့ စာရင်းကို မူဆယ်ခရိုင် အာဏာပိုင်တွေက လိုက်လံ စုဆောင်း လာပါတယ်။

တရုတ်ဘက်က ဘဏ်စာရင်းတွေ ပြန်လည် စိစစ် ဖွင့် ပေးလိုတဲ့ အတွက် မူဆယ် ခရိုင် အာဏာပိုင်တွေ ကနေ တဆင့် တောင်းခံ လာတာ ဖြစ်နိုင်တယ်လို့ နယ်စပ် ကုန်သည်တွေ ကြားထဲ ပြောဆို နေပါတယ်။

တရုတ်နိုင်ငံ စိုက်ပျိုးရေးဘဏ်မှာ မြန်မာ နိုင်ငံသားတွေရဲ့ နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်စာရင်း အကောင့် ၃ဝဝ ဝန်းကျင်ကို တရုတ်အစိုးရက ပိတ်ထားပါတယ်။

ဘိန်းထွက် ရာသီမှာ ငွေကြေး ခဝါချမှုနဲ့ တရားမဝင် ငွေကြေး စီးဆင်းမှုတွေကို တရုတ်ဘက်က ထိန်းချုပ်ဖို့ ဘဏ် စာရင်းတွေကို ပိတ်ပင် ခဲ့တာမှာ မြန်မာ ကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေပါ ပါသွား ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ တရုတ်ဘက်က ပြန်လည် စိစစ် ဖွင့်ပေးတော့မလား ဆိုပြီး မြန်မာ ကုန်သည်တွေက မျှော်လင့် နေကြပါတယ်။

ဒါပေမယ့် ဒီ ရက်ပိုင်းကပဲ မြန်မာ အစိုးရ စစ်တပ်နဲ့ကြား တိုက်ပွဲ ဖြစ်နေတဲ့ ကိုးကန့်တပ် MNDAA ရဲ့ ဘဏ်စာရင်းကို တရုတ် စိုက်ပျိုးရေး ဘဏ်က ထိန်းချုပ်လိုက်တယ် ဆိုတဲ့ သတင်းလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေပါတယ်။