လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် မြန်မာအစိုးရလက်မခံ

  • 24 မတ် 2017
Image caption လူ့အခွင့်အရေး ကော်မရှင်ဆုံးဖြတ်ချက် မြန်မာအစိုးရ လက်မခံ

ရခိုင်ပြည်နယ်က လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေ အပေါ် မြန်မာအစိုးရစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့စေလွှတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်ကတော့ ဒီလို စေလွှတ်မယ့် ကိစ္စဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဒီအစည်းအဝေးမှာ ကန့်ကွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရှိပြီး ဖြစ်လို့ နိုင်ငံတကာ အဖွဲ့တဖွဲ့ မလိုဘူးလို့ သူကဆိုပါတယ်။

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း မြန်မာအစိုးရအနေနဲ့ သဘောလည်း မတူဘူး။ လက်လည်း လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

မြန်မာအစိုးရကဖွဲ့ပေးထားတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ထားပေးပြီးဖြစ်ပြီး အဲဒီကော်မရှင်က လုပ်ဆောင်ချက်တွေ မပြီးမပြတ်သေးခင်မှာ အခုလို နိုင်ငံတကာ အဖွဲ့အစည်းတခု ဖွဲ့စည်းမယ်ဆိုတာဟာ နိုင်ငံတကာလုပ်ထုံးနဲ့ မကိုက်ညီဘူး၊ တရားမျှတမှု မရှိဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က နယ်ခြားစောင့် စခန်း တိုက်ခိုက်ခံရပြီး နောက်ပိုင်း အစိုးရ ဘက်က စစ်ဆင်ရေးတွေကြောင့် သတ်ဖြတ် နှိပ်စက်မှုနဲ့ အဓမ္မ ပြုကျင့်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့တဲ့ ကုလသမဂ္ဂ အစီအရင်ခံစာက စွပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

ဒီ ပဋိပက္ခတွေကြောင့် လူပေါင်း ၇ သောင်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတယ်လို့လည်း ဒီအစီအရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ