ရန်ကုန်သင်္ကြန်မှာ လက်မှတ်ရောင်းတဲ့ မဏ္ဍာပ်တွေကို ဆက်လက်ပိတ်ပင်

  • 24 မတ် 2017
Image caption ရေဖလားတွေနဲ့ ပျော်ရွှင်ကြဖို့ ဦးဖြိုးမင်းသိန်း တိုက်တွန်း

သင်္ကြန်အတာကာလ၊ ရန်ကုန်မှာ စီးပွားဖြစ် မဏ္ဍာပ်တွေကို ဆက်လက် ပိတ်ပင်မှာ ဖြစ်ပေမယ့်၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ တချို့ နေရာတွေမှာတော့ ဖျော်ဖြေရေး မဏ္ဍာပ်တွေ ခွင့်ပြု ပေးမယ်လို့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့က ထုတ်ပြန်ပါတယ်။

ရွှေထွဋ်တင်လို ပြည်သူ့ရင်ပြင်လို ကွင်းတွေမှာ လုပ်မယ့် ဖျော်ဖြေရေး မဏ္ဍပ်တွေကိုတော့ သီးခြားပုံစံနဲ့ ခွင့်ပြုပေးမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

သင်္ကြန်ဆိုတာ စီးပွားရေး သမားတွေ လက်မှတ်ရောင်းမှ၊ ရေပိုက်တွေနဲ့ ထိုးပက်မှ ပျော်စရာ ကောင်းမှာ မဟုတ်ပဲ၊ ရေဖလားတွေနဲ့ အိမ်ရှေ့တွေမှာ ပျော်ရွှင်ကြဖို့လည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်း ပါတယ်။

ရန်ကုန်တိုင်း အစိုးရ အဖွဲ့ အနေနဲ့ မဏ္ဍာပ် ဆောက်မှာ မဟုတ်ပေမယ့် မြို့တော်စည်ပင်ရဲ့ ဗဟို မဏ္ဍာပ်ကတော့ ကျပ်သိန်း နှစ်ထောင်လောက် အကုန်ကျခံ တည်ဆောက်ဖို့ ရှိနေတယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

ရန်ကုန်သင်္ကြန်နဲ့ ပတ်သက်လို့ တိုင်းအစိုးရ ရဲ့ အစီစဉ်တွေကို မတ်လ ၂၄ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့တာပါ။

သင်္ကြန်တွင်း အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ မဖြစ်စေဖို့ စည်းမျဉ်း စည်းကမ်းတွေ ထုတ်ထားပြီး လုံခြုံရေး အခြေအနေကိုလည်း တင်းကျပ် ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပြောပါတယ်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်း အခုလို စီးပွားဖြစ် မဏ္ဍာပ်တွေကို နှစ်နှစ်မြောက် ဆက်တိုက် ပိတ်ပင် လာတာ ဖြစ်ပြီး၊ ထိန်းချုပ် ကန့်သတ် ချက်တွေ အပေါ် ဝေဖန်သူတွေ ရှိသလို၊ ကြိုဆို ထောက်ခံ သူတွေလည်း ရှိကြတယ် လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။