လက်ပံတောင်းမှာ ပစ်ခတ်မှုအပြီး ရွာသားတွေ သပိတ်စခန်းဖွင့်

  • 25 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မြေယာလျော်ကြေး သီးနှံလျော်ကြေးတွေနဲ့ ပတ်သက်လို့လည်း ဒေသခံရွာသားတွေဘက်က ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်ရှိနေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ကျောက်သယ်ကားတွေ မဖြတ်သန်းဖို့ ဆန္ဒပြနေတဲ့ ဒေသခံ ရွာသားတွေက မတ်လ ၂၄ ရက်နေ့က ပစ်ခတ်ခံရအပြီး နောက်တနေ့မှာ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုမှု အရှိန်မြှင့်လိုက်ပါတယ်။

မတ်လ ၂၄ ရက်နေ့မှာ ဒေသခံရွာသားတွေက မုံရွာ-ပုသိမ် ကားလမ်းပေါ် ပိတ်ပြီး ဝမ်ပေါင်ကုမ္ပဏီအတွက် ဝင်ထွက်နေတဲ့ ကျောက်သယ်ကားတွေကို တားဆီး ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့က ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့လို့ အမျိုးသမီး လေးဦးနဲ့ အမျိုးသား ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။

အခုလို ကျောက်သယ်ကားတွေ မဖြတ်သန်းဖို့အတွက် မတ်လ ၁၄ ရက်နေ့ ကတည်းက ဆန္ဒပြနေတဲ့ ရွာသားတွေဟာ မတ်လ ၂၅ ရက်နေ့ ညနေပိုင်းမှာ မုံရွာ-ပုသိမ် ကားလမ်းဘေးက မိုးကြိုးပြင်အလယ်ရွာ ထိပ်မှာ အင်အား တရာလောက်နဲ့ သပိတ်စခန်းဖွင့်လိုက်တာ ဖြစ်ပါတယ်။

ဒီ ကားလမ်းပေါ်မှာ လောလောဆယ် ခရီးသွားယာဉ်ပဲ သွားခွင့်ပြုမှာဖြစ်ပြီး ကျောက်သယ်ကားတွေ ကုမ္ပဏီအထိ သွားခွင့်မရအောင် တားထားမှာ ဖြစ်သလို သပိတ်စခန်းကိုလည်း နောက်ထပ် ၃ ရက်လောက်အထိ ဖွင့်ထားမယ်လို့ ဆန္ဒပြ ခေါင်းဆောင်တဦး ဖြစ်တဲ့ မဇာခြည်လင်းက ဘီဘီစီကို ပြောပါတယ်။

ဆားလင်းကြီးမြို့ကနေ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ထောင်နဲ့ ချီတဲ့ ကျောက်သည်ကားတွေက မုံရွာ-ပုသိမ် အဝေးပြေးကားလမ်းပေါ်မှာ နေ့စဉ် ကြမ်းကြမ်းတမ်းတမ်း မောင်းနှင်နေတာကြောင့် ကားတိုက်ခံရပြီး လူသေဆုံးမှုတွေ ရှိနေတဲ့အတွက် မဖြတ်သန်းဖို့ ဆန္ဒပြရတာလို့ မဇာခြည်လင်းက ပြောပါတယ်။

အခုလို ကျောက်သယ်ကား ၆၀ဝ၊ ၇၀ဝ လောက်ဟာ နေ့စဉ် ခြောက်ကြိမ်လောက် ဖြတ်သန်းမောင်းနှင်နေတဲ့အတွက် တားဆီးပေးဖို့ လွှတ်တော်အမတ် ၂ ယောက်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကပါ ပြောဆိုခဲ့ပေမယ့် အစိုးရအဖွဲ့နဲ့ စည်ပင်ဝန်ကြီး အပါအဝင် နယ်လုံဝန်ကြီးက လုပ်သင့်တဲ့ ကိစ္စ ဖြစ်တယ်လို့ပဲ အကြောင်းပြန်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ပြောပါတယ်။

အခုလို လွှတ်တော်ကို မလေးစားပဲ ဒေသခံတွေကို အလွဲသုံးစားလုပ်ပြီး အကျိုးစီပွားရှာနေတဲ့သူတွေကို ကာကွယ်ပေးမယ်ဆိုရင် လွှတ်တော်ပိုင်းနဲ့ အုပ်ချုပ်ရေးအပိုင်း ပဋိပက္ခတွေ ဖြစ်လာမယ်လို့ ဒေါက်တာ သိန်းနိုင်က ပြောပါတယ်။

လက်ရှိအခြေအနေအရ ဒီဒေသအတွင်းမှာ လူငါးဦးထက် ပိုစုရင် အင်အားသုံး ဖြိုခွင်းမယ်ဆိုတဲ့ အရေးပေါ်ပုဒ်မကို အာဏာပိုင်တွေက မတ်လ ၂၄ ရက်နေ့ကတည်းက ပြဌာန်းထားခဲ့ပါတယ်။

အခုဆန္ဒပြမှုကို ဘယ်လို ကိုင်တွယ် ဆောင်ရွက်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့ကို ဘီဘီစီက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေအပြင် မြေယာလျော်ကြေး သီးနှံလျော်ကြေးတွေနဲ့ ပတ်သက်လို့လည်း ဒေသခံရွာသားတွေဘက်က ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။