NLD တောင်းဆိုသလို မဲရုံတွေ မဖျက်သိမ်းဖို့ ပြည်နယ် ကော်မရှင် ဆုံးဖြတ်

  • 26 မတ် 2017
Image caption ကြားဖြတ် ရွေးကောက်ပွဲ ရောက်ဖို့ သီတင်း တစ်ပတ်ပဲ လို

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်ထဲက မဲရုံ တချို့ကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က တောင်းဆိုထား သလို ဖျက်သိမ်း မှာ မဟုတ်ပဲ၊ မဲရုံ နေရာတွေ ရွှေ့ပြောင်းမယ် ဆိုပြီး ပြည်နယ် ရွေးကောက်ပွဲ မရှင်က ဆုံးဖြတ် လိုက်ပါတယ်။

ကျေးရွာ အုပ်စု ၃ အုပ်စုက မဲရုံ ၅ ရုံကို ပယ်ဖျက်ဖို့ NLD ပါတီက တင်ပြခဲ့ပေမယ့် ကြားဖြတ် ရွေးကောက်ပွဲ အပြိုင်ဝင်ကြမယ့် တခြား နိုင်ငံရေး ပါတီတွေ အပါအဝင် တခြား သက်ဆိုင်ရာ ကော်မတီတွေနဲ့ တွေ့ဆုံ ဆွေးနွေး အပြီးမှာ အခုလို ဆုံးဖြတ် ခဲ့တာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးသန်းလွင်မြင့်က ဘီဘီစီကို ပြောပါတယ်။

ရပ်ကျေး ကော်မရှင်တွေ အပါအဝင် မြို့နယ် အဆင့် ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံ ခန့်ခွဲမှု ကော်မတီနဲ့ စေ့စပ်ညှိနှိင်းမှု ကော်မတီ တို့ရဲ့ သဘောထား တွေကို ပြည်နယ် ကော်မရှင်က ရယူ ခဲ့တယ်လို့ ဦးသန်းလွင်မြင့်က ဆိုပါတယ်။

မဲဆွယ် စည်းရုံးတဲ့ အခါ အကန့်အသတ်တွေ နဲ့ ကြုံနေရတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မိုင်းရှူးမြို့နယ်ထဲက စုစုပေါင်း မဲ ဆန္ဒရှင် လေးထောင့်ငါးရာ ဝန်းကျင် ရှိတဲ့ ကွန်ချောင်း၊ နောင်အက်၊ မော်မိတ် ကျေးရွာ အုပ်စုတွေက မဲရုံတွေကို ဖျက်သိမ်းဖို့ NLD ပါတီက တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ရွာတွေ အထိ NLD ပါတီနဲ့ အတူ ကော်မရှင် ကွင်းဆင်း လေ့လာ ခဲ့တာမှာလည်း ဘာ ပြဿနာမှ အထွေအထူး မရှိခဲ့ဘူးလို့ ပြည်နယ် ကော်မရှင်က ဆိုပါတယ်။

ကွန်ချောင်းနဲ့ နောင်အက်က မဲဆန္ဒရှင်တွေ အတွက် မိုင်းအော့ ဆိုတဲ့ အရပ်မှာ မဲရုံ ပြောင်း ဖွင့် ပေးမယ်လို့လည်း သိရပါတယ်။

ဧပြီလ ၁ ရက် နေ့ ကြားဖြတ် ရွေးကောက်ပွဲ ရောက်ဖို့ သီတင်း တစ်ပတ်ပဲ လိုတော့တဲ့ အချိန်မှာ အခုလို ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ရဲ့ အဆုံးအဖြတ်ကို NLD ပါတီဘက်က သဘောတူလား ဆိုတာ မသိရသေးသလို၊ ဒီ အဆုံးအဖြတ်ဟာ နောက်ဆုံး အတည်လား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထိ တက်ဦးမလား ဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။