သင်္ကြန်ပိတ်ရက် ၁၀ ရက် ဆက်တိုက်ရရေး ဆန္ဒပြ

  • 26 မတ် 2017
ဓာတ်ပုံ မူပိုင် ShweInnThar KhinMgWin
Image caption မြန်မာ့မီးရထားဌာနက အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေ၊ စည်ပင်သာယာ၊ ကုန်တင်ကုန်ချ လုပ်သားတွေနဲ့ ပညာရေးဌာနက ဝန်ထမ်းတွေလည်း တက်ရောက်ခဲ့

နှစ်စဉ် နှစ်တိုင်း မြန်မာ့ နှစ်သစ်ကူး အားလပ်ရက် ၁၀ ရက် ဆက်တိုက် ရရှိရေးနဲ့ အလုပ်သမားတွေနဲ့ တိုက်ရိုက်ဆိုင်တဲ့ မူဝါဒချတာတွေကို အလုပ်သမား သမဂ္ဂအဖွဲ့တွေနဲ့ ဆွေးနွေး ညှိနှိုင်းပြီးမှ ပြုလုပ်ဖို့ တောင်းဆိုချက်တွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ရန်ကုန်မြို့တော် ခန်းမရှေ့မှာ မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို အလုပ်သမား သမဂ္ဂပေါင်းစုံက အလုပ်သမား ထောင်ဂဏန်း တက်ရောက်ခဲ့ပြီး လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်တွေက စက်ရုံ အလုပ်သမားတွေအပါအဝင် မြန်မာ့မီးရထားဌာနက အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေ၊ စည်ပင်သာယာ၊ ကုန်တင်ကုန်ချ လုပ်သားတွေနဲ့ ပညာရေးဌာနက ဝန်ထမ်းတွေလည်း တက်ရောက်ခဲ့ပြီး ကျန်းမာရေးဌာနက သူနာပြုတွေကတော့ ထောက်ခံကြောင်း သဘောတူတဲ့ စာနဲ့ လက်မှတ်တွေကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အခုလို တောင်းဆို ဆန္ဒပြရတာဟာ အစိုးရဝန်ထမ်းတွေ အချိန်ပို လုပ်ပေးနေရတဲ့ ပြဿနာနဲ့ အစိုးရဝန်ထမ်းတွေ အလုပ်သမား အခွင့်အရေး ဆုံးရှုံးခဲ့ရင် ပုဂ္ဂလိကပိုင်းနဲ့ ဆိုင်တဲ့ အလုပ်သမားအရေး အငြင်းပွားမှု ဖြေရှင်းရေး ပုံစံနဲ့ တောင်းဆိုဖို့ ခက်ခဲတဲ့ အလုပ်သမား ဥပဒေပိုင်း ပြဿနာတွေ ရှိနေတာကြောင့်လည်း ဖြစ်တယ်လို့ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ဘီဘီစီကိုပြောပါတယ်။

နိုင်ငံပိုင် လုပ်ငန်းတွေကနေ ပုဂ္ဂလိကပိုင် ပြောင်းတဲ့ ကိစ္စတွေမှာလည်း အလုပ်သမားတွေ အခွင့်အရေး ဆုံးရှုံးနေတဲ့အပြင် အလုပ်သမားတွေအတွက် လူမှု ကာကွယ်စောင့်ရှောက်ရေး ကိစ္စ ဆုံဖြတ်ချက်တွေမှာလည်း အလုပ်သမား သမဂ္ဂတွေကို အစိုးရပိုင်းက ခေါ်ယူတိုင်ပင်တာ မရှိဘူးလို့ မဖြိုးစန္ဒာစိုးက ပြောပါတယ်။

အခုလို အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုတွေ၊ သင်္ကြန်ပိတ်ရက် ဆယ်ရက် ဆက်တိုက် မရတာတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာကော်မတီကို ၂ ကြိမ်တိုင် စာပို့ခဲ့ပေမယ့် ခေါ်ယူတွေ့ဆုံတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

သင်္ကြန်ပိတ်ရက် ကိစ္စကို အစိုးရအဖွဲ့ကို တင်ပြခဲ့ရာမှာလည်း အများပြည်သူကို ထုတ်ပြန်ပြီးသားဖြစ်လို့ ပြန်လည် ရုပ်သိမ်းဖို့ ခက်တယ်လို့ အကြောင်းပြန်စာရခဲ့ကြောင်း မဖြိုးစန္ဒာစိုးက ပြောပါတယ်။

ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ်အနေနဲ့ လက်မှတ်စုဆောင်းတဲ့ တောင်းဆို လှုပ်ရှားမှုတွေ လုပ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆက်လက် တင်ပြသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။