လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ရခိုင်တွေ ကန့်ကွက်

  • 26 မတ် 2017
Image caption နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေး အဖွဲ့ စေလွှတ်ခြင်းကြောင့် ပြဿနာ ပိုကြီးထွားနိုင်တယ်လို့ ဆို

ရခိုင်ဒေသက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေးအဖွဲ့ တဖွဲ့ စေလွှတ်ဖို့ တောင်းဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရခိုင်အမျိုးသားတွေဘက်ကလည်း ကန့်ကွက်ကြောင်း ထုတ်ဖော်လာရာမှာ ပြည်တွင်းပြည်ပ ကျောင်းသားဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့ကလည်း ကြေညာချက် တစောင် ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ အစိုးရက ကန့်ကွက်ခဲ့သလို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကလည်း ကန့်ကွက်ထားပါတယ်။

၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဒီအဖွဲ့ စေလွှတ်ခြင်းအားဖြင့် ပြဿနာကို ပြေလည်ရာ မရောက်ပဲ ပိုမို ကြီးထွားစေမယ်လို့လည်း ဖော်ပြထားပါတယ်။

တခါရခိုင်အမျိုးသား ပါတီကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်လိုက်ပြီး လူ့အခွင့်အရေး ကော်မရှင်က မြန်မာအစိုးရရဲ့ တုံ့ပြန် ငြင်းဆိုချက်ကို လက်မခံပဲ နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေး အဖွဲ့ စေလွှတ်မယ် ဆိုရင်တော့ အစွမ်းကုန် ဆန့်ကျင်သွားမယ်လို့ မြောက်ဦး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဘီဘီစီကို ပြောပါတယ်။

ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီ ဥက္ကဌ ဦးကျော်မင်းကတော့ သူတို့ပါတီအနေနဲ့ နိုင်ငံတကာကဖြစ်ဖြစ်၊ နိုင်ငံတခုကဖြစ်ဖြစ် အချက်အလက် ရှာဖွေ ဖော်ထုတ်တဲ့အဖွဲ့ စေလွှတ်မှာကို မမျှော်ပဲ တိုင်းပြည်တွင်းမှာ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ၊ ဖိနှိပ်ချုပ်ချယ်တာတွေ၊ ဖမ်းဆီးတာတွေ မရှိပဲ တည်ငြိမ်အေးချမ်းသွားတဲ့ ဒေသတခု ဖြစ်အောင် နိုင်ငံတော် အစိုးရက တာဝန်ယူ ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ