ကြားဖြတ်ရွေးကောက်ပွဲ အဓိက ပါတီကြီး၂ ခု အပြိုင်မဲဆွယ်

  • 27 မတ် 2017
ဓာတ်ပုံ မူပိုင် NLD
Image caption NLD ပါတီကတော့ မဲဆန္ဒနယ် (၁၈)နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိ

ဧပြီလ (၁)ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ (၅)ရက်လောက်ပဲ လိုတော့တဲ့အချိန်မှာ နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးရေးတွေ အပြိုင်အဆိုင် လုပ်နေကြပါတယ်။

လစ်လပ်မဲဆန္ဒနယ် နေရာတွေ အတွက် ယှဉ်ပြိုင်ကြမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာ အနိုင်ရဖို့ နိုင်ငံရေးပါတီကြီးတွေရဲ့ မျှော်မှန်းချက်နဲ့ မဲဆွယ်ဆောင်ရွက်နေတာတွေကို တွေ့ရပါတယ်။

အကြိတ်အနယ်ယှဉ်ရှိကြမယ့် ရန်ကုန် ထဲက လှိုင်သာယာ၊ ကော့မှူး၊ ရှမ်းပြည်နယ်ထဲက မဲဆန္ဒနယ်တွေ၊ မွန်ပြည်နယ်က ချောင်းဆုံ အပါအဝင် နေရာအနှံ့မှာ ပါတီကြီး(၂)ခုက ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင် ဆင်းပြီး မဲဆွယ်စည်းရုံးရေးတွေ လုပ်နေကြတာ ဖြစ်ပါတယ်။

ဒီကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် (၁၉) နေရာယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၅) ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီကတော့ မဲဆန္ဒနယ် (၁၈)နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။

လက်ရှိမှာ ပါတီ မဲဆွယ်မှုတွေ ကို ပြည်သူတွေ ထောက်ခံမှု အများအပြားရှိကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

NLD ပါတီအနေနဲ့ ပါတီ ဗဟို အလုပ်အမှုဆောင်တွေ က နယ်တွေဆင်းပြီး မဲဆွယ်တာတွေ လုပ်နေသလို ပါတီနာယက ဦးတင်ဦးကလည်း လစ်လပ်မဲဆန္ဒနယ် ရှိတဲ့ မုံရွာကို ကိုယ်တိုင်ဆင်းပြီး ဒေသခံတွေနဲ့ တွေ့ဆုံကာ ရွေးကောက်ပွဲမှာ ပါတီကို ပြတ်ပြတ်သားသား မဲထည့်ဖို့ ဟောပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကတော့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မျှော်မှန်းနေပါတယ်။ ဒီအတွက် မဲဆွယ်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်နေပြီး ပါတီဥက္ကဌ ဦးသန်းဌေးကိုယ်တိုင် နယ်တွေမှာ မဲဆွယ်ဟောပြောမှုတွေ လုပ်နေပါတယ်။

ပါတီအနေနဲ့ ဒီရွေးကောက်ပွဲ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲထက် လူထုထောက်ခံမှု ပိုရနေတယ်လို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်ရီက ပြောပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မှာ (၉) နေရာ အမျိုးသားလွှတ်တော်မှာ (၃) နေရာနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ (၇) နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် (၁၉) နေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲကို လူထု စိတ်ဝင်စားမှုနည်းတယ်ဆိုပြီး ပြောဆိုမှုတွေရှိပေမယ့် ဖို့ နိုင်ငံရေးပါတီကြီးတွေက လုပ်တဲ့ မဲဆွယ်ဟောပြောမှုတွေကိုတော့ လူထောင်နဲ့ ချီပြီး လာရောက်ကြပါတယ်။

လက်ရှိ အာဏာရ NLD ပါတီအတွက်တော့ ဒီရွေးကောက်ပွဲဟာ လူထုထောက်ခံမှု ဆက်ရနေသလားဆိုတာကို တိုင်းတာမှာ ဖြစ်လို့ အရေးကြီးသလို အရင်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကြံခိုင်ရေးပါတီအနေနဲ့ လည်း မဲဆန္ဒနယ်တွေမှာ အနိုင်ရဖို့ အပြိုင်အဆိုင် မဲဆွယ်နေကြတာ ဖြစ်ပါတယ်။