ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်လို့ ကာချုပ်ပြော

  • 27 မတ် 2017
ဓာတ်ပုံ မူပိုင် Senior General Min Aung Hlaing Facebook
Image caption တပ်မတော်နေ့ ညစာစားပွဲ တက်ရောက်တဲ့ ကာကွယ်ရေး ဦးစီးချူပ်နဲ့ တပ်မတော် အရာရှိဟောင်းများ

နေပြည်တော်မှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ လူမျိုး မရှိဘူးဆိုတာ ကမ္ဘာကို အသိပေးပြီး ဖြစ်ကြောင်းနဲ့ ရခိုင် ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂါလီတွေဟာ မြန်မာ တိုင်းရင်းသား တွေ မဟုတ်ဘဲ မြန်မာ နိုင်ငံမှာ လာရောက် နေထိုင်သူတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဥပဒေအရ ဆောင်ရွက် ပေးသင့်တာတွေကို ဆောင်ရွက်ပေးဖို့ တာဝန် ရှိသလို နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ဘာသာရေးနဲ့ လူမျိုးရေး အကြောင်းပြု ဆောင်ရွက်လာမှု တွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်တဲ့ အတွက် တပ်မတော်ရဲ့ စိတ်ဓါတ်ကို အခြေခံပြီး ကာကွယ် သွားဖို့လည်း တာဝန်ရှိတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက် တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့လည်း ကာကွယ် ပြောဆိုခဲ့ ပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ တပ်မတော် နေ့မိန့်ခွန်းမှာ အမျိုးသား နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း ပြောသွားခဲ့ပြီး ငြိမ်းချမ်းရေးမှာ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက် အတိုင်း ဆက်လက် လုပ်ဆောင်သွား မယ် ဆိုတာကိုလည်း ထည့်သွင်း ပြောခဲ့ ပါတယ်။

၇၂ နှစ်မြောက် တပ်မတော်နေ့ကျင်းပတဲ့ပုံစံက ပြီးခဲ့တဲ့ နှစ်တွေကလို မဟုတ်ဘဲ ထူးခြားပါတယ်။

စစ်ရေးပြ ချီတက်တဲ့ အဖွဲ့မှာ မြင်းစစ်သည်တွေ ပါဝင်သလို တပ်တော်နေ့ အခမ်းအနား ကိုလည်း လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ BIA တပ်မတော်သားဟောင်းတွေ တက်ရောက်လာကြပါ တယ်။

အစိုးရအဖွဲ့ဝင် တွေထဲ ကတော့ ပြည်ထောင်စု ဝန်ကြီးတချို့၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌနဲ့ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌ တချို့တက် ရောက်တာ တွေ့ရပေမဲ့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ တို့တက်ရောက်တာ မတွေ့ရပါဘူး။

နိုင်ငံရေး ပါတီတွေ ဖက်မှာ ဆိုရင် ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌနဲ့ ဗဟိုအလုပ် အမှုဆောင်တွေ တက်ရောက် ပေမဲ့ NLD ပါတီ ထိပ်တန်း ခေါင်းတွေ တက်ရောက်ခြင်း မရှိ ပါဘူး။

စစ်ရေးပြ အခမ်း အနား အပြီး နေ့လယ်ပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီးက ၇၂ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား တက်ရောက်လာကြတဲ့ တပ်မတော် အငြိမ်းစား အရာရှိကြီး တွေကို သွားရောက် တွေ့ဆုံ ဂါရဝ ပြုခဲ့ကြပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွေကလည်း သူမိတ်ဆွေ အငြိမ်းစား တပ်မတော် အရာရှိ တချို့ကို သူ့အိမ်မှာ ဧည့်ခံတာ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့လည်း ထင်မြင်ယူဆမူတွေ အမျိုးမျိုးရှိ နေကြတာ တွေ့ရပါတယ်။