၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ အကြောင်း

  • 28 မတ် 2017
Image caption ဒေသခံ လူမျိုးစု ပါတီတွေလည်း အပြိုင် ရွေးကောက်ခံ

လာမယ့် ဧပြီလ ၁ ရက်နေ့ ဆိုရင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတော့မှာပါ။

ရန်ကုန်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ မွန်၊ စစ်ကိုင်း စတဲ့ မြန်မာပြည် အနှံ့ အရပ်ဒေသတွေက မြို့နယ်ပေါင်း ၂၂ မြို့နယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မဲဆန္ဒနယ်ပေါင်း ၁၉ နေရာအတွက် ကျင်းပမှာ ဖြစ်ပြီး၊ မြို့နယ် အနေနဲ့က ၂၂ မြို့နယ် ရှိနေပါတယ်။

ပြည်ထောင်စု အဆင့် လွှတ်တော် နှစ်ရပ်စလုံးနဲ့ ဒေသန္တရ လွှတ်တော်တွေမှာ လစ်လပ် နေရာတွေ အသီးသီး ရှိနေလို့ ကြားဖြတ် ရွေးကောက်ပွဲ လုပ်တာ ဖြစ်ပါတယ်။

ဒီ ကြားဖြတ် ရွေးကောက်ပွဲ အတွင်း ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၉၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး၊ အဓိက ပါတီကြီးတွေ ဖြစ်တဲ့ NLD နဲ့ ကြံ့ခိုင်ရေးတို့ အင်တိုက်အားတိုက် ဝင်အရွေး ခံကြမှာ ဖြစ်သလို၊ တိုင်းရင်းသား ဒေသတွေ မှာလည်း ဒေသခံ လူမျိုးစု ပါတီတွေလည်း အပြိုင် ရွေးကောက်ခံမှာ ဖြစ်ပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူ့လွှတ်တော် နေရာ လစ်လပ် နေ

ဘာလို့ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ရတာလဲ

ပြည်ထောင်စု အဆင့် လွှတ်တော် နှစ်ရပ်စလုံးနဲ့ ဒေသန္တရ လွှတ်တော်တွေမှာ လစ်လပ် နေရာတွေ အသီးသီး ရှိနေပါတယ်။

လစ်လပ်ရတဲ့ အဓိက အကြောင်းတွေထဲ အဲဒီ မဲဆန္ဒနယ်က အမတ်တွေ အုပ်ချုပ်ရေး ရာထူး ယူလိုက် တာမျိုး ဒါမှမဟုတ် ၂၀၁၅ တုန်းက လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့တာမျိုး တွေကြောင့်ပါ။

ဥပမာ ပြောရရင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေး ဝန်ကြီး တာဝန်ကို ယူပြီး အစိုးရ ကက်ဘိနက်ထဲ ပါဝင်လာတဲ့ အတွက် ကော့မှူး မဲဆန္ဒနယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူ့လွှတ်တော် နေရာ လစ်လပ် နေသလို၊ ရှမ်းပြည်နယ်ထဲက ကျေးသီးနဲ့ မိုင်းရှူး နယ်တွေမှာလည်း ၂၀၁၅ တုန်းက ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့လို့ အခုလို ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။

Image caption မြို့နယ်ပေါင်း ၂၂ မြို့နယ်မှာ ကျင်းပ

အကြိတ်အနယ် ရှိနိုင်မယ့် စိတ်ဝင်စားဖွယ် မဲဆန္ဒနယ်တွေ

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ရန်ကုန်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ မွန်၊ စစ်ကိုင်း စတဲ့ မြန်မာပြည် အနှံ့ အရပ်ဒေသတွေက မြို့နယ်ပေါင်း ၂၂ မြို့နယ်မှာ ကျင်းပမှာပါ။

ဒီထဲကမှ တချို့ မဲဆန္ဒနယ်တွေ ဆိုရင် ထူးခြားတဲ့ အချက်တွေ ရှိနေလို့ စိတ်ဝင်စားဖို့ ကောင်းပြီး၊ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့လည်း အကြိတ်အနယ် ယှဉ်ပြိုင်ရ နိုင်ပါတယ်။

ဥပမာ ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်ထဲ မှာဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလမှာ ကတည်းက NLD ပါတီဘက်က တချို့ ကျေးရွာ အုပ်စုတွေမှာ မဲဆွယ်တဲ့ အခါ အကန့်အသတ်တွေ တွေ့ရလို့ မဲရုံတချို့ ဖျက်သိမ်း ပေးဖို့ တောင်းဆို ခဲ့တာမျိုးတွေ ရှိလာပါတယ်။

ဒါပေမယ့်လည်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဘက်က စိစစ် သုံးသပ်တာတွေ ပြုလုပ်ပြီး ပယ်ဖျက်တာမျိုးထိ မလုပ်ပဲ မဲရုံတချို့ကို နေရာရွှေ့တာမျိုးတွေ ပြုလုပ် ပေးခဲ့ပါတယ်။.

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဆိုရင်လည်း ရခိုင်အမျိုးသားပါတီ ANP ရဲ့ ခေါင်းဆောင် ဒေါက်တာအေးမောင် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်လို့ NLD ပါတီ၊ ကြံ့ခိုင်ရေးပါတီတို့နဲ့ အကြိအနယ် ဖြစ်လာနိုင်ပြီး တသီးပုဂ္ဂလ ဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းလည်း ရှိနေပါတယ်။

တခါ၊ မွန်ပြည်နယ်ကို ကြည့်ရင်လည်း သံလွင်မြစ်ကူး တံတား နာမည် ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ဆန္ဒပြမှုတွေ ရှိခဲ့တဲ့ ချောင်းဆုံမြို့နယ် မှာလည်း ကြားဖြတ်ရွေးကောက်ပွဲ ရလာဒ် အပေါ်မှာပါ ရိုက်ခတ် သက်ရောက်မှုတွေ ရှိလာမလား ဆိုတာကလည်း စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ