ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံရေး ပါတီတွေ ဘာလို့ အရေးထားလဲ

  • 28 မတ် 2017
Image caption NLD အပေါ် နိုင်ငံရေး အားစမ်း နိုင်တဲ့ အခွင့်အလမ်း ရရှိ လာ

၂၀၁၅ ရွေးကောက်ပွဲနိုင် NLD ပါတီနဲ့ အဓိက အတိုက်အခံလို့ ပြောရမယ့် ကြံ့ခိုင်ရေး ပါတီတွေ သာမကပဲ တိုင်းရင်းသား နယ်မြေတွေမှာ ဒေသခံ လူမျိုးစု ပါတီတွေကပါ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ အပေါ် အာရုံထားပြီး အင်တိုက်အားတိုက် ဝင်ရောက် အရွေးခံဖို့ ပြင်ဆင် ထားတာ တွေ့ရပါတယ်။

ပြည်ထောင်စု အဆင့်နဲ့ ဒေသန္တရ လွှတ်တော်တွေမှာ စုစုပေါင်းမှ လစ်လပ်နေရာ ၁၉ နေရာသာ ရှိပေမယ့်လည်း တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ယှဉ်ပြိုင် ကြမှာပါ။

၂ဝ၁၅ ရွေးကောက်ပွဲ တုန်းက NLD ပါတီ အနေနဲ့ အမတ်လောင်း တွေကို အမျိုးသမီး၊ လူငယ် ၊ တိုင်းရင်းသား ဆိုပြီး ဦးစားပေး ရွေးခဲ့ ပေမယ့် အခု တစ်ကြိမ်မှာတော့ နိုင်ငံရေး ဖြတ်သန်းမှု နဲ့ အတွေ့အကြုံ ရှိသူ တွေကို ဦးစား ပေး ရွေးခဲ့တဲ့ အတွက် ကိုယ်စားလှယ်လောင်း စာရင်းထဲ အမျိုးသမီးတစ်ဦးပဲ ပါဝင်နေတာ ဖြစ်တယ်လို့ NLD ရဲ့ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီနဲ့ မေးမြန်းခန်း တစ်ခုမှာ ပြောထားပါတယ်။

ကြံ့ခိုင်ရေး ပါတီကို ကြည့်ရင်လည်း အခု ကြားဖြတ် ရွေးကောက်ပွဲဟာ ၂၀၁၅ နောက်ပိုင်း အဓိက ပြိုင်ဘက် ဖြစ်တဲ့ NLD အပေါ် နိုင်ငံရေး အားစမ်းပြီး မဲဆန္ဒရှင်တွေရဲ့ အခြေအနေကို သုံးသပ် နိုင်တဲ့ အခွင့်အလမ်း ရရှိ လာစေ နိုင်ပါတယ်။

ကြံ့ခိုင်ရေး ပါတီ အနေနဲ့ ပြည်သူ့ ပါတီ ဆိုတဲ့ လမ်းကြောင်းပေါ် ရောက်အောင် ပါတီတွင်း ပြု ပြင် ပြောင်းလဲမှု တွေ လုပ်နေတာမှာ တပ်မတော် ထိပ်တန်း အရာရှိကြီး တွေ ပါတီ ခေါင်းဆောင် ပိုင်း နေရာကို အုပ်စီး ရယူခဲ့တဲ့ ပုံစံကို ကြိုးစား ပြောင်းလဲနေတယ်လို့ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် တစ်ယောက် ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်စိုးက ပြောထား ပါတယ်။

တိုင်းရင်းသား နယ်မြေတွေမှာ ဆိုရင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နဲ့ ရခိုင်အမျိုးသားပါတီ ANP တို့လည်း သက်ဆိုင်ရာ နယ်မြေတွေမှာ အခြေအနေကောင်းဖို့ မျှော်လင့် နေကြပါတယ်။

NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် ပေါ်ပေါက်ပြီး နှစ်ပတ်လည် ကာလ ဝန်းကျင် မှာ ကျင်းပမှာ ဖြစ်တာကြောင့် ထွက်ပေါ်လာမယ့် ရလာဒ်တွေ ကနေ တဆင့် လက်ရှိ နိုင်ငံရေး အခြေအနေ အပေါ် လူထုရဲ့ အမြင် သဘောထား ဘယ်လို ရှိ နေသလဲ ဆိုတာကို တစိတ်တဒေသ ထင်ဟပ် နိုင်လိမ့်မယ် လို့ မြန်မာ့ နိုင်ငံရေး စောင့်ကြည့် နေသူတွေက မျှော်လင့် နေကြပါတယ်။