အမည်မည်းစာရင်း ဆက်လက်ပြုစုနေ

  • 28 မတ် 2017
ဓာတ်ပုံ မူပိုင် SOE THAN WIN
Image caption မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံရေးလှုပ်ရှားသူ

Black List ပြည်ဝင်ခွင့်မပြုတဲ့ အမည်မည်းစာရင်းကို Interpol နိုင်ငံတကာရဲတပ်ဖွဲ့ကပေးပို့တဲ့ စာရင်းအတိုင်း နိုင်ငံတော်အစိုးရက သတ်မှတ်တာလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဉီးစီးဌာနမှ ပြောပါတယ်။

အဲဒီလို သတ်မှတ်ရာမှာ နိုင်ငံတကာမှာ အန္တရာယ်ရှိတဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတာမျိုး မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိမ်းမှုစတဲ့ ပြဿနာနဲ့ ပတ်သက်နေသူတွေကို အဓိကထား ပိတ်ပင်တာဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဉီးစီးဌာနမှ အမြဲတမ်း အတွင်းဝန် ဉီးမြင့်ကြိုင်က ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင်ပြည်ပမှာ အစိုးရ အဆက်ဆက် လက်ထက်က နိုင်ငံရေးကြောင့် ပိတ်ပင်ခံရသူတွေထဲက မြန်မာပြည်ကို လာခွင့်ပြုပြီး နောက်တခေါက်အဝင်မှာ ပိတ်ခံရသူတွေဟာ သက်ဆိုင်ရာ ဝန်ကြီးဌာကတောင်းဆိုမှုတွေကြောင့် ဖြစ်တာလို့ ဆိုပါတယ်။

နိုင်ငံခြား ပညာတော်သင် သွားပြီး သတ်မှတ်ချိန် ပြန်မလာတာမျိုးကို ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာနတွေက စာရင်းပေးကြပြီး လျော်ကြေး ပေးရေးကိစ္စအပါအဝင် လုပ်ထုံးလုပ်နည်းနဲ့ ညီအောင် လုပ်ဖို့လိုမယ်လို့ပြောပါတယ်။

အခုအခါ ဝန်ကြီးဌာနတွေက ပေးပို့ချက်တွေအရ အမည်မည်းစာရင်း သွင်းဖို့ စာရင်းအသစ်တွေ ပြုစုနေတယ်လို့ဆိုပါတယ်။ ဒီစာရင်းတွေကို အများပြည်သူကို အသိပေးတာမျိုးထက် သက်ဆိုင်ရာ သံရုံးတွေကိုပေးပို့မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြည်ပမှာ နိုင်ငံရေး ခိုလှုံတာ သံရုံးကနေ ဘက်ပြောင်းတာမျိုးတွေကိုတော့ မြန်မာနိုင်ငံသား အဖြစ်လက်ခံတဲ့ ကော်မတီက စီစစ်ပြီး ပစ်မှုမှတ်တမ်းမရှိရင် နိုင်ငံသား အဖြစ်ပြန်လည် လျှောက်ထားနိုင်ကြောင်း ဉီးမြင့်ကြိုင်ကပြောပါတယ်။

အခုအခါ ခေတ်အဆက်ဆက် အမည်မဲစာရင်း သွင်းခံရသူတွေထဲက စုစုပေါင်း ၆၁၉ယောက်ကို အမည်မည်း စာရင်းကနေ ပယ်ဖျက်ပြီးပြီလို့သိရပါတယ်။