ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေကို KIO ဒုဥက္ကဋ္ဌ ထောက်ပြဝေဖန်

  • 29 မတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption NCA ကို ပါဝင် လက်မှတ်ထိုးရေးနဲ့ ပတ်သက်လို့ ကချင်လူထု ခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အင်္ဂါနေ့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင် လူထု အဖွဲ့အစည်းခေါင်းဆောင်တွေ၊ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့တို့နဲ့ တွေ့ဆုံခဲ့စဉ် ပြောခဲ့တဲ့ စကားတွေထဲက အချက်နှစ်ချက်နဲ့ ပတ်သက်လို့ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွမ်မော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်ကနေ ထောက်ပြ ဝေဖန်လိုက်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးသူတွေဘက်ကရော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဘက်က ပြန်ရှင်းပြတာတွေရောဟာ အားရစရာကောင်းတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း NCA လက်မှတ်ရေးထိုးရေး ဆိုတာ KIO ကလည်း လက်ခံထားပြီး ဖြစ်ပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာနဲ့ ပတ်သက်လို့တော့ KIO ဟာ NCA ကို အပြီးသတ် မဆွေးနွေးနိုင်သေးလို့ ဆက်ဆွေးနွေးနေရတဲ့ အနေအထား ဖြစ်ပြီး လက်ခံနိုင်တဲ့ အနေအထားရောက်ရင် NCA လက်မှတ်ရေးထိုးမယ်လို့ KIO က ပြောခဲ့တာ ဖြစ်ကြောင်းနဲ့ လက်မှတ်ထိုးဖို့ လက်ခံထားပြီးတာမျိုး မဟုတ်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖေါ်ပြထားပါတယ်။

ပင်လုံစာချုပ်မှာ တိုင်းရင်းသားတွေ အားလုံး မပါဝင်ခဲ့လို့ ပင်လုံစာချုပ်ကို ပုံသေ ကိုင်စွဲလို့ မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တဲ့အတွက် ပင်လုံရဲ့ အနှစ်သာရကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က ထောက်ပြ ထားပါတယ်။

တခါ NCA ကို လက်မှတ်ထိုးလို့ တခုခု နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်လာခဲ့မယ် ဆိုရင် ကိုယ်တိုင် ဖြေရှင်းပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာနဲ့ ပတ်သက်လို့ ကချင် ငြိမ်းချမ်းရေး လုပ်ငန်း ကူညီရေး အဖွဲ့ က ဦးဒေါင်းခါးကလည်း ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ ပုဂ္ဂိုလ် တဦးတယောက်ပေါ်မှာ မှီခိုအားထားပြီး နိုင်ငံရေးကို အကောင်အထည်ဖေါ် လျှောက်လှမ်းတာမျိုး မဖြစ်သင့်ပဲ အားလုံး သဘောတူ လက်ခံထားတဲ့ မူဝါဒ လမ်းစဉ်တွေပေါ်မှာ အကောင်အထည် ဖေါ်မယ်ဆိုတဲ့ အနေအထားမျိုးပဲ ဖြစ်သင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ