မောင်တော ကို EU သံတမန် နဲ့ သတင်းသမားတွေ သွားခွင့်ရ

  • 29 မတ် 2017
ဓာတ်ပုံ မူပိုင် State Counsellor Office
Image caption တင်းမေရွာမှာ မင်္သကာဖွယ် လူ ၁၃ ဉီး ကို ဖမ်းဆီး ရမိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး က သတင်းထုတ်ပြန်ထားပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ EU သံမှူး Dr.Colin Steinbach ဦးဆောင်တဲ့ သံတမန် ၁၃ ဦး ပါဝင်တဲ့ အဖွဲ့မှာ ရခိုင်ပြည်နယ်သို့ မတ်လ ၂၈ ရက်နေ့က ရောက်ရှိလာပြီး ရခိုင်ပြည်နယ် ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီးနဲ့ တွေ့ဆုံတဲ့ အပြင် ရခိုင်ပြည်လွှတ်တော် ဒုဥက္ကဋ္ဌနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဥရောပ သမဂ္ဂ သံတမန် အဖွဲ့ဟာ မတ်လ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ် ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်းနဲ့ တွေ့ဆုံတဲ့ အပြင် ရခိုင်ပြည်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဖိုးမင်းနဲ့ပါ ပြည်နယ် လွှတ်တော် မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဥရောပ သံတမန်တွေဟာ ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေးနဲ့ လူမျိုးနှစ်ခုအကြား အတူ ယှဉ်တွဲနေထိုင်ရေး ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေး ခဲ့ကြ ကြောင်း ရခိုင်ပြည်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးဖိုးမင်း က ပြောပါတယ်။

နှစ်ဘက်လူမှု အသိုင်းအဝိုင်း ယှဉ်တွဲ နေထိုင်ရေးနဲ့ ပတ်သက်ပြီး ၁၉၈၂ နိုင်ငံသား ဥပေဒအရ စိစစ်ပြီး နိုင်ငံသား ဖြစ်သူတွေနဲ့ စကားစပြောပြီး မှ လုပ်ကိုင် ဆောင်ရွက်သင့်တယ်လို့ ရခိုင်ပြည်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးဖိုးမင်းက ဆက်လက် ပြောဆိုပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ဆက်လက် သုံးစွဲ နေမယ် ဆိုရင် နှစ်ဘက် အသိုင်းအဝိုင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာ တွေ ပြေလည် နိုင်မှာ မဟုတ်တဲ့ အကြောင်း ဦးဖိုးမင်း က ဥရောပ သံတမန် တွေကို ပြောဆို ခဲ့ပါတယ်။

ဥရောပ သံတမန်အဖွဲ့ဟာဒီကနေ့မှာတော့ မောင်တောမြို့မှာ နှစ်ဘက် ရခိုင်နဲ့ မွတ်ဆလင် လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို မြို့နယ် ရခိုင်အမျိုးသား ပါတီ ANP တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဥရောပ သံတမန် အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း နောက်ဆုံး ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လေ့လာသွားမှာဖြစ်ပြီး မတ်လ ၃၁ ရက်နေ့မှာ ခရီးစဉ် ပြီးဆုံးမှာ ဖြစ်ပါတယ်။

သတင်းသမားတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေကို မောင်တော ဒေသကို လွတ်လပ်စွာ ဝင်ထွက်ခွင့် ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင် က ပြောကြားခဲ့ပါတယ်။

ရခိုင် အကြံပေး ကော်မရှင် ရဲ့ အကြံပြုချက် အရ သတင်း ဌာန အသီးသီး က သတင်းသမား ၁၈ ဦးဟာလည်း မောင်တော ဒေသ ကို ရောက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ အကြမ်းဖက်မှုတွေ လုပ်ဖို့ ကြံစည် နေတဲ့ လူတွေကို ဖမ်းဆီး ရမိခဲ့တဲ့ ဘူးသီးတောင် တင်းမေ ရွာကို သတင်းသမားတွေ သွားရောက် ခွင့် ရခဲ့ပြီး အမှတ် ၃ နယ်ခြားစောင့် ရဲစခန်းမှူး နဲ့ တွေ့ခွင့် ရခဲ့ပါတယ်။

လုံခြုံရေး အကြောင်းပြချက် နဲ့ သတင်း သမားတွေဟာ ရွာ အတွင်း ကို ဝင်ရောက် ခွင့် မရေပေမယ့် ရွာထိပ်မှာ ရွာသွား အချို့ နဲ့ တွေ့ ဆုံ ခွင့် ရခဲ့ပါတယ်။

သတင်းသမား တွေ ရဲ့ မေးမြန်း မှု ကို လုံခြုံရေး အဖွဲ့ဝင်တွေက စောင့်ကြည့် ပြီး အသံဖမ်း တာတွေ လုပ်ခဲ့တဲ့ အတွက် သတင်းသမား တွေက သတင်းယူ တဲ့ နေရာမှာ လွတ်လပ်စွာ သတင်း ရယူ နိုင်ခြင်းတော့ မရှိတဲ့ အကြောင်း ပြောကြား နေပါတယ်။

သတင်းသမား တွေရဲ့ ခရီးစဉ်မှာ လုံခြုံရေး အဖွဲ့ဝင်တွေ အနေနဲ့ လိုက်လံ စောင့်ကြည့်မှုတွေ မလုပ်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ က တားမြစ် ခဲ့တာ ကိုလည်း တွေ့ရှိ ရကြောင်း ဘူးသီးတောင် ရောက်နေတဲ့ သတင်းသမား တွေက ပြောကြား ပါတယ်။