တရုတ်စစ်တပ်က မြန်မာနယ်စပ်အနီးမှာ စစ်ရေးလေ့ကျင့်

  • 29 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်ပြည်သူ့ တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပဋပက္ခဖြစ်နေတဲ့ တရုတ်မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာ မတ်လ ၂၈ရက်နေ့က တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က ကြည်းတပ် လေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ ကျည်ဆံအစစ် တွေကိုလည်း ထည့်သွင်းသုံးပြုခဲ့ပါတယ်။ အခုလေ့ကျင့်မှုဟာ နိုင်ငံတော် ကာကွယ်ရေးနဲ့ တရုတ် နိုင်ငံသားတွေရဲ့ လုံခြုံဘေးကင်းရေးကို တရုတ်စစ်တပ်က စိတ်အား ထက်သန်တယ်ဆိုတာ ပြသကြောင်း တောင်ပိုင်းတိုင်းမှ ဗိုလ်မှူးကြီးတယောက်ကပြောပါတယ်။ နှစ်နိုင်ငံ သဘောတူညီချက်အရ အခုလေ့ကျင့်မှုကို မြန်မာနိုင်ငံကို ကြိုတင်အကြောင်းကြားခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေကို ၂၀၁၅ခု ကိုးကန့် လက်နက်ကိုင်တွေနဲ့ မြန်မာ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပြီးကတည်းက နှစ်စဉ်ပြုလုပ်လေ့ရှိပြီး အခုအခါ လေယာဉ်ပစ် အမြောက်တွေ အပါအဝင် နယ်စပ်ဒေသမှာ အခိုင်အမာ တပ်စွဲထားကြောင်း မြန်မာ့အရေး လေ့လာသူ တရုတ်နိုင်ငံရှိ ဒေါက်တာ လှကျော်ဇောက ဘီဘီစီကိုပြောပါတယ်။

အခုလို စစ်ရေးလေ့ကျင့်မှုတွေဟာ မြန်မာစစ်တပ်ကို သတိပေးတာဖြစ်သလို ဒေသခံတွေက သူတို့လုံခြုံရေးအတွက် အစိုးရက ဘာမှမဆောင်ရွက်ဘူးလို့ ဒေါသဖြစ်နေကြလို့ ပြည်တွင်းအတွက်ပါ ရည်ရွယ်လုပ်ဆောင်တာလို့ ဆက်ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရ ကြားမှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ တရုတ်က ကြားဝင်ဆောင်ရွက်ပေးနေကြောင်း၊ ဒါကြောင့်ဒီလိုစစ်ရေးပြတာဟာ မြန်မာစစ်တပ်ကို သတိပေးရုံမက တိုင်းရင်းသားတွေကိုလည်း တဖက်တလမ်းက ဖိအားပေးတာရှိကြောင်း ဒေါက်တာလှကျော်ဇောက သုံးသပ်သွားပါတယ်။