ဘူသီးတောင်မှာ မတရားသင်း ပုဒ်မနဲ့ ၁၇ ယောက်ကို ဖမ်းဆီး

  • 29 မတ် 2017
Image caption မြန်မာ ရဲကင်းစခန်း

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မြို့နယ်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ရေး သင်တန်း တက်နေတဲ့ ဒေသခံ ၁၇ ယောက်ကို အခု ရက်ပိုင်းကပဲ ဖမ်းဆီး ရရှိ ထားတယ်လို့ အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာ ရဲကင်းစခန်းတွေကို တိုက်ခိုက်ဖို့ ပြင်ဆင် နေတာ ဖြစ်တယ်လို့ အဖမ်း ခံထားရသူတွေက ထွက်ဆို ထားတယ် ဆိုပြီး အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ စခန်းမှူး ရဲအုပ် ထွန်းနိုင်က ပြောပါတယ်။

ဘူးသီးတောင် မြို့နယ်၊ တင်းမေ ဆိုတဲ့ တောင်ထိပ်မှာ အကြမ်းဖက် သင်တန်း ပြုလုပ် နေတာကို ဖမ်းမိ ခဲ့တာ ဆိုပြီး မြန်မာ အာဏာပိုင်တွေက ပြောနေပါတယ်။

အဲဒီ့ ၁၇ ဦးထဲမှာ အာရဗီစာသင်တဲ့ ဆရာ၊ ကျေးရွာ အုပ်ချုပ် ရေးမှုးဟောင်း၊ လယ်ရှင်နဲ့ လက်လုပ်လက်စား တွေ စသဖြင့် အမျိုးမျိုး ပါဝင် နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရိုဟင်ဂျာ လူမျိုး အမည် ထားပိုင်ခွင့် အတွက် အခုလို သင်တန်း တက်ရတာ ဖြစ်တယ် ဆိုပြီးတော့လည်း ဖမ်းဆီး ရရှိ မိသူတွေက ထွက်ဆိုကြောင်း ရဲအုပ် ထွန်းနိုင်က ဆိုပါတယ်။

သူတို့ရဲ့ ဆွေမျိုး မိဘ တွေဟာ အကြမ်းဖက် သင်တန်း တက်တယ် ဆိုတဲ့ အချက်အပေါ် အဖမ်း ခံထားရသူ တချို့ရဲ့ မိသားစု ဝင်တွေကတော့ သဘောမတူ ပါဘူး။

ဖခင် နဲ့ ညစဉ် အတူ အိပ်သူ ဖြစ်လို့ သူ့ ဖခင်ဟာ အကြမ်းဖက် တစ်ယောက် မဟုတ်ဘူး ဆိုတာ ကျမ်းကိုင် ပြောဝံ့တယ်လို့ တင်မေရွာသား အဘူတော်ဟုမ်က ဆိုပါတယ်။

အဲဒီ သင်တန်းကို မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေရှ် နိုင်ငံတွေမှာ သွား ပြီး အလုပ်လုပ် နေကြသူတွေရဲ့ အထောက်အပံ့နဲ့ အခုလို သင်တန်းမျိုးတွေ ဖွင့်နိုင်တာလို့ အာဏာပိုင်တွေက ယူဆ ထားပါတယ်။

ဖမ်းဆီး ထားတဲ့ ၁၇ ယောက်ကို ဘူးသီးတောင် တရားရုံးမှာ မတရားအသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇ ( ၁ )နဲ့ တရားစွဲ ထားပါတယ်။