အကြမ်းဖက်ခံခဲ့ရကြောင်း မောင်တော ဒေသ ရွာခံတွေပြော

  • 30 မတ် 2017
Image caption သတင်းသမားတွေ လာရောက်စဉ် လုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက်မှု တွေ လုပ်ခဲ့ကြောင်း ရွာခံတွေက ပြောကြား

အောက်တိုဘာလ အတွင်း အကြမ်းဖက်မှု တွေဖြစ်ပွားခဲ့တဲ့ မောင်တော ကျေးရွာ တွေကို သတင်းဌာန ၁၈ခု နဲ့အတူ ပြန်ကြားရေးဌာနက သွား ရောက် စုံစမ်းရာမှာ မုဒိမ်းကျင့် မီးရှို့ရိုက်နှက်တဲ့ လူ့အခွင့်အရေး ချိုး ဖောက်တယ် ဆို တဲ့ ပြောဆိုချက် တွေရှိတယ်လို့ သိရပါတယ်။

မောင်တော ဒေသ အတွင်း လူ့အခွင့်အရေး ချိုးဖောက် ခံရတယ်လို့ စွပ်စွဲ တဲ့ ကျေးရွာ ၉ ရွာကို ပြန်ကြားရေး ဝန်ကြီး ဌာန ရဲ့ စီစဉ် ပေးမှု နဲ့ သွားရောက်ရာမှာ လုံခြုံရေး တပ်ဖွဲ့ ဝင်တွေက မီးရှို့၊ လူသတ်၊ မုဒိန်း ကျင့်မှုတွေ ရှိတယ်လို့ ရွာခံ တွေက ပြောကြား သွားပါတယ်။

ရခိုင် လူမျိုးတွေ အများစု နေထိုင် တဲ့ ရွာတွေ နဲ့ မွတ်ဆလင် ဘာသာဝင်တွေ အများစု နေထိုင် တဲ့ ရွာတွေ ကို သတင်းသမားတွေ သွားရောက် ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ကျီးကန်းပြင်၊ ဝက်ပိတ်ချောင်း၊ အောင်မင်္ဂလာ၊ ဖားဝတ်ချောင်း၊ ပွင့်ဖြူချောင်း၊ ကျားခေါင်းတောင်၊ ကြေးအိုးပြင်၊ ပြောင်ပိုက်၊ ငါးခေါင်းတောင် ကျေးရွာ တွေကို သွားရောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

မွတ်ဆလင် အများစု နေထိုင် တဲ့ ကျားခေါင်းတောင် ကျေးရွာ ကို အရောက်မှာတော့ အမျိုးသမီး သုံးဦး က သူတို့ကို လွန် ခဲ့တဲ့ နှစ်လ လောက်မှာ တပ်မတော် သားတွေ က ရိုက်နှက် မုဒိန်းကျင့် ခဲ့ကြတယ်လို့ သတင်းထောက် တွေကို လာပြောပါတယ်။

မုဒိန်းကျင့် ခံရတယ်လို့ သတင်းသမား တွေကို ပြောတဲ့ အမျိုးသမီး ၃ ဦး က ဖာတမာ ခါတွန် အသက် (၁၆)နှစ်၊ မော်ရီ ခါတွန် အသက် (၂၀) နှစ် နဲ့ ဂျော်ဂျီဟာ ဘေကော အသက် (၃၀)နှစ် တို့ ဖြစ်ကြပါတယ်။

ဒီ ကိစ္စ နဲ့ ပတ်သက်လို့ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ကတော့ စွပ်စွဲမှုတွေ မှန်ကန်ရင် ဥပဒေ အတိုင်း အရေးယူ ဆောင်ရွက် သွားမယ်လို့ ပြန်လည် ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် နယ်ခြားစောင့် စခန်း မှာ အမှုဖွင့် တိုင်ကြားသင့်ပြီး အဲဒီ ကိစ္စတွေကို စုံစမ်းမယ်လို့ သူက ဆိုပါတယ်။ တိုင်တန်းသူတွေကို ဥပဒေ အရ အကာအကွယ် ပေးသွားမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတုန်း ကလည်း မောင်တော ကို လာရောက် ခဲ့တဲ့ နိုင်ငံတကာ သံတမန် တွေကို အမျိုးသမီး ၂ ဦး က မုဒိန်း ကျင့် ခံခဲ့ရကြောင်း ပြောကြား ခဲ့ ကြပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက သွားရောက် မေးမြန်းတဲ့ အခါမှာတော့ အဲဒီ အမျိုးသမီးတွေဟာ တိမ်းရှောင် သွားတယ်လို့လည်း မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

မွတ်ဆလင် ကျေးရွာ အချို့က နေအိမ်တွေကို စစ်ဆင်ရေး ကာလတုန်း က လုံခြုံရေး အဖွဲ့ဝင်တွေက မီးရှို့ခဲ့ကြတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

မီးလောင်မှုတွေ ရှိခဲ့တဲ့ ဝက်ပိတ် ရွာမှာ ဆိုရင် အိမ်ယာ ကွက်တွေ ပြန်လည် ဖော်ဆောင် နေတာကိုလည်း တွေ့ရပါတယ်။ မောင်တော မြို့နဲ့ နီးတဲ့ ရခိုင် ကျေးရွာ တွေမှာ မွတ်ဆလင် ဘာသာဝင် တွေ ဈေးလာရောင်းတာ၊ အလုပ် လာလုပ်ကြ တာလည်း တွေ့ရပါတယ်။

နိုင်ငံတကာက စွပ်စွဲ ပြောကြား နေသလို စစ်ဆင်ရေး ကာလ အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ ကိစ္စတွေ က ဖြစ်နိုင်ကြောင်း မောင်တော ဒေသ ကို ရောက်ရှိနေတဲ့ သတင်းထောက် တွေက သုံးသပ်နေပါတယ်။