လှိုင်သာယာ ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ

  • 30 မတ် 2017
Image caption ၂၀၁၅ ရွေးကောက်ပွဲ က မဲဆန္ဒရှင် အများအပြား မဲပေးခဲ့ကြ

ကြားဖြတ်ရွေးကောက်ပွဲအတွင်း လှိုင်သာယာ မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်အမတ် တနေရာအတွက် နိုင်ငံရေးပါတီ ၆ ပါတီ က ကိုယ်စားလှယ်လောင်း ၆ ယောက် နဲ့ တသီးပုဂ္ဂလ အမတ်လောင်း ၂ ယောက် တို့၀င်ရောက်ယှဉ်ပြိုင်ကြမှာပါ။

ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ တွေ ထဲမှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက သူတို့ကိုယ်စားလှယ်လောင်းအနိုင်ရဖူးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လည်းဝင်ပြိုင်မှာပါ။

ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရခိုင်အမျိုးသားပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီ ပါတီ စတဲ့ ပါတီတွေက အမတ်လောင်းတွေ လည်း ပါဝင်ယှဉ်ပြိုင်မယ့်အထဲမှာ ပါပါတယ်။

ကိုယ်စားလှယ်လောင်းတွေ က မဲဆန္ဒနယ်အတွင်း ဟောပြောပွဲတွေလုပ်၊ လှည့်လည်လှုံဆော်ပွဲတွေ လုပ်ကြတာထက်စာရင် တအိမ်တက်ဆင်း မဲဆွယ်နေကြတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ ဒါနရှေ့ဆောင်မြန်မာ အဖွဲ့ ရဲ့ ဥက္ကဌ ဦးချမ်းငြိမ်းအောင် က ဘီဘီစီ ကို ပြောပါတယ်။

လှိုင်သာယာ မဲဆန္ဒနယ်အတွင်း မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်က လာတဲ့ အလုပ်သမားတွေ အများဆုံးရှိတာကြောင့် ကိုယ်စားလှယ်လောင်းတွေ ကလည်း ဒီနယ် က ဖြင့် နိုင်ငံရေးပါတီတခုခု ကို အမာခံ ထောက်ခံတာမျိုးမရှိပဲ၊ ကိုယ့် စည်းရုံးမှု နဲ့ ကိုယ် မဲရနိုင်တဲ့အတွက် အခုလို နိုင်ငံရေးပါတီ အများအပြားနဲ့ တသီးပုဂ္ဂလအမတ်တွေ က ပစ်မှတ်ထား အာရုံစိုက် ကြတာလို့လည်း ဦးချမ်းငြိမ်းအောင် က သုံးသပ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ အဲဒီ မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ဒေါက်တာသန်းမြင့် က NLD ကိုယ်စားဝင်ပြိုင်ခဲ့ပြီး အခုအစိုးရအဖွဲ့မှာ သူဟာ ဝန်ကြီးတာဝန်ထမ်းဆောင်နေပါတယ်။

ဒါကြောင့် အခုမဲဆန္ဒနယ်က အမတ်တနေရာ လစ်လပ်နေတာကြောင့် အဲဒီမှာ အခုလို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာပါ။

အကဲခတ်တွေကတော့ အကျိတ်အနယ်ပြိုင်ကြမယ့် မဲဆန္ဒနယ်တွေ ထဲ လှိုင်သာယာ မဲဆန္ဒနယ် လည်း တခု ပါဝင်ကြောင်း ပြောကြပါတယ်။

ကိုယ်စားလှယ်လောင်းတွေဟာ အလုပ်သမားတွေခံစားရရှိစေမယ့် အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ ကို ကတိပေးကာမဲဆွယ်နေကြကြောင်းလည်း သိရပါတယ်။

အခုလို မဲဆွယ် နေကြပေမယ့် အလုပ်သမားအများစု ကတော့ ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းနေသေးကြောင်း ဦးချမ်းငြိမ်းအောင် က ပြောပါတယ်။