NCA လက်မှတ်ထိုးဖို့ မဆုံးဖြတ်ရ သေးဘူးလို့ မွန်ပြည်သစ်ပြော

  • 30 မတ် 2017
Image caption NCA ထဲ အားလုံး လာရောက်ဖို့ တိုက်တွန်းနေ

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ မပါဝင်ရ သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထဲက မွန်ပြည်သစ် ပါတီ အပါအဝင် အဖွဲ့ ၅ ဖွဲ့ လက်မှတ် ရေးထိုး လာတော့မယ် ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံ ရုံးက ထုတ်ပြန် ခဲ့ပေမယ့်၊ မွန်ပြည်သစ် ပါတီ ဘက်က ငြင်းဆို လာတဲ့ အတွက် အခြေအနေဟာ ရှုပ်ထွေး သွားရပါတယ်။

NCA ထဲ ပါဝင် လက်မှတ် ရေးထိုး တော့မယ် ဆိုပြီး ဆုံးဖြတ်ချက် အတိတကျ မချမှတ် ရသေးဘူး ဆိုပြီး မွန်ပြည်သစ် ပါတီရဲ့ ဒုတိယ ဥက္ကဌ နိုင်ဟံသာက ဘီဘီစီကို ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ထဲက အဖွဲ့ဝင် ၅ ဖွဲ့ က NCA ကို လက်မှတ် ရေးထိုး တော့မယ့် အကြောင်း ထုတ်ဖော် ပြောလာတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ရရှိ ခဲ့တဲ့ သတင်းစကားဟာ ဘယ်သူ့ ဆီက ထွက်ပေါ် လာခဲ့တာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

ဒါပေမယ့် UNFC အဖွဲ့ထဲမှာ NCA ထဲ ပါဝင်ဖို့ နဲ့ NCA ပြင်ပ လမ်းကြောင်း ရှာဖွေဖို့ ဆိုတဲ့ မတူတဲ့ အယူအဆ နှစ်ရပ် ကွဲပြား နေတယ် ဆိုတဲ့ အချက်ကိုတော့ UNFC ဘက်က အစောပိုင်း ကတည်းက အတည်ပြု ထားနှင့်ပြီး ဖြစ်ပါတယ်။

UNFC ဘက်ကတောင်းဆို ထားတဲ့ အခြေခံ မူ ၉ ချက်ကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က မူအရ လက်ခံ သဘောတူ ခဲ့တဲ့နောက် ရှေ့ဆက် ဆွေးနွေး ညှိနှိုင်းရမယ့် အခြေအနေမှာပဲ ရှိနေသေးတယ်လို့ နိုင်ဟံသာက ဘီဘီစီကို ထပ်လောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ မကြာခင် ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် ခရီးစဉ် အတွင်း NCA ထဲ အားလုံး လာရောက်ဖို့ ထပ်မံ တိုက်တွန်း ခဲ့သလို၊ အစိုးရ တစ်နှစ် ပြည့် မိန့်ခွန်း ထဲမှာလည်း ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ အကြိမ် ပြန်စဖို့ ပြင်ဆင် နေတဲ့ အခု အချိန်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ အများကြီး တိုးပွား လာတယ်လို့ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

ဒါပေမယ့် မျှော်လင့်ချက် ဆိုတာ လက်ဆုပ်လက်ကိုင် သဘောမျိုး မဟုတ်လို့ ဆက်ပြီး ကြိုးစား ရဦးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ