နိုင်ငံတကာ အဖွဲ့ကို ပေးဝင်ဖို့ ဆိုတာ လက်ရှိ အခြေအနေနဲ့ မကိုက်ညီ

  • 30 မတ် 2017
Image caption သတင်းထောက် ၁၈ ယောက် ရခိုင် ပြည်နယ် မြောက်ပိုင်းကို ရောက်နေ

ရခိုင် အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ အစိုးရက လက်မခံ ခဲ့တာဟာ ကုလသမဂ္ဂ အပေါ် မလေးစားလို့ မဟုတ်ပဲ၊ မြန်မာ နိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ မကိုက်ညီလို့သာ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် သက်တမ်း တစ်နှစ် ပြည့်မြောက်တဲ့ အထိမ်းအမှတ် အဖြစ် ရုပ်မြင်သံကြားကနေ ပြောခဲ့တဲ့ မိန့်ခွန်းထဲ ဒေါ်အောင်ဆန်းစုကြည်က အခုလို ရှင်းလင်း ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ဒီလို လက်မခံတဲ့ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ အပေါ် မိတ်ဆွေ အဖြစ် မမြင်လို့လည်း မဟုတ်ဘူး ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေဟာ အရပ်သား ရိုဟင်ဂျာ မွတ်ဆလင် တွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန် ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေကို စုံစမ်းဖို့ အချက်အလက် ရှာဖွေရေး နိုင်ငံတကာ အဖွဲ့ စေလွှတ်မယ် ဆိုပြီး လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ် ထားတာ ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံတကာ အဖွဲ့ ဝင်ခွင့်ကို မြန်မာ အစိုးက ငြင်းပယ် ထားပေမယ့်၊ သတင်းမီဒီယာတွေ လွတ်လပ်စွာ ဝင်ရောက် သတင်းရယူ ခွင့် ဆိုတာကို ဖော်ဆောင် ပေးတဲ့ အနေနဲ့ အခုလက်ရှိ မှာပဲ အစိုးရ အစီအစဉ်နဲ့ သတင်း ဌာန အသီးသီးက သတင်းထောက် ၁၈ ယောက် ရခိုင် ပြည်နယ် မြောက်ပိုင်းကို ရောက်နေ ကြပါတယ်။