လှိုင်သာယာမှာ ကြားဖြတ်အတွက် အကြိတ်အနယ်

  • 31 မတ် 2017
Image caption အလုပ်သမား အခွင့်အရေးနဲ့ အဓိက မဲဆွယ်

မနက်ဖြန် ဧပြီ ၁ ရက်၊ စနေနေ့ ဆိုရင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီ ဖြစ်ပါတယ်။

ပြည်ထောင်စု အဆင့်နဲ့ ဒေသန္တရ လွှတ်တော်တွေမှာ စုစုပေါင်း လစ်လပ်နေရာ ၁၉ နေရာ အတွက် ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

နေရာ အရေအတွက် များတယ်လို့ မဆို နိုင်ပေမယ့်၊ NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ တနှစ်ပြည့် သက်တမ်း ကာလမှာ အများပြည်သူတွေ အနေနဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေ အပေါ် ဘယ်လို သဘောထားမျိုးတွေ ရှိနေသလဲ ဆိုတာကို ကြားဖြတ် ရွေးကောက်ပွဲ ရလဒ် တွေက တစိတ်တဒေသ ထပ်ဟပ် နိုင်လိမ့်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်တွေထဲ လှိုင်သာယာလည်း အကြိတ်အနယ် ရှိနိုင်တဲ့ နေရာတစ်ခု အဖြစ် မျှော်လင့် ရပါတယ်။

ပြည်သူ့လွှတ်တော်အမတ် တစ်နေရာ အတွက် နိုင်ငံရေးပါတီ ၆ ပါတီ က ကိုယ်စားလှယ်လောင်း ၆ ယောက် နဲ့ တသီးပုဂ္ဂလ အမတ်လောင်း ၂ ယောက်တို့ ယှဉ်ပြိုင်ကြမှာပါ။

၂၀၁၅ မှာ နိုင်ခဲ့တဲ့ NLD ကိုယ်စားလှယ် ဒေါက်တာသန်းမြင့်ဟာ အစိုးရ ကက်ဘိနက်ထဲ ဝန်ကြီး ဖြစ်လာတဲ့ အတွက် အခုလို ပြည်သူ့လွှတ်တော်အမတ် နေရာ လစ်လပ် နေတာပါ။

အခု ကြားဖြတ်မှာ NLD ကိုယ်စားလှယ်လောင်း အပြင် ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရခိုင်အမျိုးသားပါတီ၊ ပြည်သူ့အကျိုးပြု ကျောင်းသားများ ဒီမိုကရေစီ ပါတီ စတဲ့ ပါတီတွေက အမတ်လောင်းတွေ လည်း ပါဝင်ယှဉ်ပြိုင်မယ့်အထဲမှာ ပါပါတယ်။

ကိုယ်စားလှယ်လောင်းတွေ က မဲဆန္ဒနယ်အတွင်း ဟောပြောပွဲတွေလုပ်၊ လှည့်လည်လှုံဆော်ပွဲတွေ လုပ်ကြတာထက်စာရင် တအိမ်တက်ဆင်း မဲဆွယ်နေကြတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ ဒါနရှေ့ဆောင်မြန်မာ အဖွဲ့ ရဲ့ ဥက္ကဌ ဦးချမ်းငြိမ်းအောင် က ဘီဘီစီ ကို ပြောပါတယ်။

လှိုင်သာယာ မဲဆန္ဒနယ်ထဲမှာ မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်က လာတဲ့ အလုပ်သမားတွေ အများဆုံး ရှိနေပြီး ကိုယ်စည်းရုံးရင် စည်းရုံးနိုင်သလောက် မဲရနိုင်တယ် ဆိုတဲ့ တွက်ဆမှုနဲ့ အင်တိုက် အားတိုက် ပြိုင်ကြတာ ဖြစ်တယ် ဆိုပြီး ဦးချမ်းငြိမ်းအောင်က သုံးသပ်ပါတယ်။

မဲဆွယ်ကြတဲ့ အခါမှာလည်း ကိုယ်စားလှယ်လောင်းတွေဟာ အလုပ်သမားတွေ ခံစား ရရှိစေမယ့် အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ကတိပေး မဲဆွယ် နေကြပေမယ့် အလုပ်သမား အများစု ကတော့ ကြားဖြတ် ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု နည်းနေတာ တွေ့ရတယ်လို့ ဦးချမ်းငြိမ်းအောင်က ဆိုပါတယ်။