တိုင်းရင်းသားပါတီတွေ NCA လက်မှတ်ထိုးဖို့ မရှိသေး

  • 31 မတ် 2017
ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office Facebook
Image caption အစိုးရ သက်တမ်း ၁ နှစ်ပြည့် မိန့်ခွန်းပြောအပြီး ဖြည့်စွက်စကား အနေနဲ့ ဒေါ်အောင်ဆန်း စုကြည် ထုတ်ပြန်ခဲ့

တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ဝင် မွန်ပြည်သစ် ပါတီနဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP အပါအဝင် တိုင်းရင်းသားအဖွဲ့ ငါးဖွဲ့က လက်မှတ် ရေးထိုးတော့မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပေမဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက သူတို့ မဆုံးဖြတ်ရ သေးဘူးလို့ ပြောပါတယ်။

KNPP၊ မွန်ပြည်သစ် ပါတီ၊ ရခိုင်အမျိုးသား ကောင်စီ၊ လားဟူ ဒီမိုကရက် အစည်းအရုံး နဲ့ ဝ အမျိုးသား အဖွဲ့ချုပ်တို့က NCA စာချုပ်မှာ လက်မှတ် ရေးထိုး မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ရုံးက မတ်လ ၃၁ ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။

မွန်ပြည်သစ် ပါတီဘက် ကလည်း လက်မှတ်ထိုးဖို့ သူတို့ မဆုံးဖြတ်ရသေးဘူးလို့ ပြောထား ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးက ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ဖို့ NCA ကို လက်မှတ်ထိုးပြီး NCA လမ်းကြောင်း အတိုင်း သွားဖို့ လက်ခံထားကြပေမဲ့ အဲဒီ NCA စာချုပ်ပါ အချက် တချို့ကို ဆက်လက် ဆွေးနွေးဖို့ ရှိနေသေးတယ်လို့ ပြောဆိုပြီး နှစ်ဘက် ညှိနှိုင်း နေတဲ့ အဆင့်မှာပဲ ရှိနေသေးတယ်လို့ KNPP အတွင်းရေးမှူး ဦးအောင်စန်းမြင့်က ပြောပါတယ်။

ဒါ့အပြင် သူက KNPP အနေနဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဆိုတဲ့ တိုင်းရင်းသား တပ်ပေါင်းစုနဲ့ အတူ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သွားမှာ ဖြစ်ပြီး လောလောဆယ် KNPP အတွင်းမှာရော UNFC အတွင်းမှာပါ လက်မှတ်ထိုးရေး ဆွေးနွေးတာ မရှိသေးဘူးလို့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်နဲ့ တိုင်းရင်းသားတွေ ဘက်က ပြောဆိုချက်တွေ ကွဲလွဲ နေတာနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အစိုးရ အနေနဲ့ မွန်ပြည်သစ်ပါတီ အလုပ်အမှုဆောင် ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက ဆီကနေ သူတို့ အဖွဲ့နဲ့ အတူ ငါးဖွဲ့ရဲ့ လက်မှတ်ထိုးမယ်လို့ ပြောတဲ့ သတင်း အချက်အလက် ရရှိတယ်၊ အဖွဲ့ နာမည်တွေကိုပါရရှိတဲ့ အတွက် သတင်းကောင်း ဆိုပြီး ထုတ်ပြန် ကြေညာ လိုက်တာလို့ ပြော ပါတယ်။

ဒါဟာ မှားယွင်း ထုတ်ပြန်တာ မဟုတ်ကြောင်းနဲ့ သေချာတယ် ဆိုပြီး မင်္ဂလာ သတင်းဆိုတဲ့ သတင်းစကား ပါးလိုက်တာ ဖြစ်ပြီး မှားယွင်း ထုတ်ပြန်တာ မဟုတ်တဲ့ အတွက် ပြန်လည် ပြင်ဆင် ထုတ်ပြန်ဖို့လည်း မရှိဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။