မောင်တောက အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးတွေအတွက် အမှုဖွင့်ထား

  • 31 မတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ လူသတ်တာ၊ မုဒိန်းကျင့်တာ၊ ပစ္စည်းလုတာ စတဲ့ တခြားအမှု ၁၈ မှု တိုင်ကြားထားတာတွေ ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မြန်မာအစိုးရစစ်တပ်က စစ်ဆင်ရေးလုပ်ခဲ့စဉ်က အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ သတင်းထောက်တွေကို မတ်လ ၃၀ ရက်နေ့က ပြောခဲ့တဲ့ အမျိုးသမီးတွေ အရေးအတွက် ငါးခူရနယ်မြေ ရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်နေပြီလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။

မောင်တောမြို့နယ် ကျားခေါင်းတောင် ကျေးရွာက အမျိုးသမီး သုံးယောက်ဟာ လွန်းခဲ့တဲ့ သုံးလက မြန်မာအစိုးရစစ်တပ်ရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရကြောင်း ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဒေသအတွင်း အစိုးရစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ လူသတ်တာ၊ မုဒိန်းကျင့်တာ၊ ပစ္စည်းလုတာ စတဲ့ တခြားအမှု ၁၈ မှုကို လာရောက် တိုင်ကြားထားတာတွေ ရှိကြောင်းကိုလည်း မောင်တောမြို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောဆိုခဲ့ပါတယ်။

အခုလို တိုင်ကြားထားတဲ့ အမှုတွေထဲမှာ လက်တွေ့ကျတဲ့ အမှုတွေ ပါပေမယ့် တချို့ အမှုတွေကတော့ လက်တွေ့မကျပဲ ဦးဆောင်သူတချို့ ပြောခိုင်းတဲ့အတိုင်း ဖြစ်နေတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

ဥပမာအားဖြင့် အသတ်ခံရတယ်ဆိုတဲ့ တိုင်တန်းချက်တချို့ အရ လူသေ အလောင်းတချို့ကို တူးဖော်စစ်ဆေးတဲ့အခါ ဒီအလောင်းတွေဟာ စစ်ဆင်ရေးကာလတုန်းက သေဆုံးတာ မဟုတ်ပဲ လွန်ခဲ့တဲ့ တနှစ်ကျော်က အလောင်းတွေ ဖြစ်နေတယ်လို့ မှုခင်းဆရာဝန်တွေ မှတ်ချက်ပေးတာတွေ ရှိခဲ့ကြောင်း ဦးသူရစန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ကြက်ရိုးပြင်ကျေးရွာအုပ်စုဘက်မှာ အသတ်ခံရတာနဲ့ ပတ်သက်တဲ့ တိုင်တန်းမှု တခုမှာတော့ သေနတ် ထိမှန် သေဆုံးတယ်လို့ ယူဆရတဲ့ အလောင်း သုံးလောင်းနဲ့ သွေးလန့်သေဆုံးတယ်လို့ ယူဆရတဲ့ အလောင်းတလောင်း တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့ ခြောက်လအတွင်း သေဆုံးတာ ဖြစ်နိုင်တယ်လို့ မှုခင်းဆရာဝန်တွေက ယူဆခဲ့တဲ့အတွက် တရားခံ ဖမ်းမိဖို့ ဆက်လက် စစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။

လာရောက်တိုင်ကြားထားတဲ့ အမှုတွေထဲက လက်တွေ့ကျတဲ့ အမှုတွေကို ဆက်လက် စစ်ဆေးဆောင်ရွက်နေသလို အမှန်တကယ် ကျူးလွန်တဲ့ သူတွေကိုလည်း ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ဒေသတွင်း အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ