၆၆ (ဃ) နဲ့ တိုင်ခံ ထားရတဲ့ ကိုဆွေဝင်းကို မန္တလေးရဲ ဆင့်ခေါ်

  • 31 မတ် 2017
Image caption မန္တလေးကို လာရမယ် ဆိုပြီး ရဲက ဆင့်ခေါ်

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ အရေးယူ ပေးဖို့ တိုင်တန်း ခံထားရတဲ့ Myanmar Now သတင်း ဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းကို လာရောက် အစစ်ဆေး ခံဖို့ မန္တလေး အမှတ် ၇ နယ်မြေရဲ စခန်းက ဆင့်ခေါ် လိုက်ပါတယ်။

ဧပြီ ၂ ရက်၊ တနင်္ဂနွေနေ့ မနက် ၁ဝ နာရီ မပျက်မကွက် လာရမယ် ဆိုပြီး ဆင့်ခေါ်စာထဲ တွေ့ရ ပါတယ်။

မန္တလေးက အမျိုးသားရေး ဆရာတော် အဖြစ် အသိများကြတဲ့ ဦးဝီရသူ အပေါ် ထိခိုက် စေတဲ့ အရေးအသားတွေ အင်တာနက်ပေါ် တင်ခဲ့လို့ ဆိုပြီး ဦးကျော်မျိုးရွှေ ဆိုသူက ရဲ စခန်းကို တိုင်ကြား ထားတာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ဆိုရင် ဝရမ်းမပါပဲ ဖမ်းဆီး နိုင်ပေမယ့်၊ ကိုဆွေဝင်းကို လူကြီးလူကောင်း တစ်ယောက် အဖြစ် သတ်မှတ်ပြီး မဖမ်း သေးတဲ့ အပြင် မန္တလေးကို လာဖို့ အခက်အခဲ ရှိတယ်လို့ ကိုဆွေဝင်း ဘက်က ပြောလာခဲ့လို့အမှုစစ် အရာရှိ ကိုယ်တိုင် ကိုဆွေဝင်း ရှိရာကို သွားပြီး စစ်ဆေးမှုတွေ ပထမ တစ်ကြိမ် ပြုလုပ်ခဲ့တယ် ဆိုပြီး ရဲ ရဲ့ ဆင့်ခေါ်စာထဲ ရေးထားပါတယ်။

အမှုအတွက် လိုအပ်တဲ့ အတွက် ကိုဆွေဝင်း ဆီက တောင်းခံ ထားတဲ့ လက်ကိုင်ဖုန်း ဆင်းကဒ် ဒါမှမဟုတ် ကွန်ပျူတာ လို သက်သေခံ ပစ္စည်းတွေကို အမှုလိုက် အရာရှိထံ အပ်နှံဖို့နဲ့ ထပ်ပြီး အစစ်ခံဖို့ အခု တခါမှာတော့ မန္တလေးကို လာရမယ် ဆိုပြီး ရဲက ဆင့်ခေါ် လိုက်တာ ဖြစ်ပါတယ်။

ကိုဆွေဝင်းဘက်ကလည်း အမှုနဲ့ ပတ်သက်ပြီး အမှုလိုက် အရာရှိထံ အချက် ၃ ချက် တောင်းခံ ထားတာ ရှိပေမယ့် အမှုလိုက် အရာရှိဘက်က လိုက်နာ ဆောင်ရွက်ဖို့ ဥပဒေမျိုး ရှိမနေဘူးလို့ ရဲ ရဲ့ ဆင့်ခေါ်စာထဲ ရေးထား ပေမယ့်၊ ကိုဆွေဝင်းက ဘာအချက်တွေ တောင်းထားသလဲ ဆိုတာကိုတော့ ထည့်သွင်း ဖော်ပြ ထားခြင်း မရှိ ပါဘူး။