လစ်လပ် ၁၉ နေရာ အတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ

  • 1 ဧပြီ 2017
Image caption အလုပ်သမားတွေ အတွက် စနေက ရုံးပိတ်ရက် မဟုတ်လို့ မဲလာပေးသူ နည်းနေ

မြန်မာ နိုင်ငံ တဝှမ်းက မြို့နယ်ပေါင်း ၂၂ မြို့နယ်မှာ ကြားဖြတ် ရွေးကောက်ပွဲ တွေ ဧပြီလ ၁ ရက်နေ့ ဒီကနေ့ ကျင်းပ နေပြီ ဖြစ်ပါတယ်။

ပြည်ထောင်စု အဆင့် လွှတ်တော် နှစ်ရပ်နဲ့ ဒေသန္တရ လွှတ်တော် အသီးသီးက လစ်လပ် နေရာ စုစုပေါင်း ၁၉ နေရာ အတွက် အခုလို ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ရတာ ဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲမှာ အာဏာရ NLD ပါတီနဲ့ အဓိက အတိုက်အခံလို့ ခေါ်နိုင်တဲ့ ကြံ့ခိုင်ရေး ပါတီ တို့ အင်တိုက် အားတိုက် ဝင်ရောက် ယှဉ်ပြိုင် ကြမှာ ဖြစ်သလို၊ ရှမ်း၊ ရခိုင်နဲ့ မွန်တို့လို ပြည်နယ်တွေမှာလည်းတိုင်းရင်းသား လူမျိုးစု ပါတီတွေ ကလည်း အနိုင်ရဖို့ အားခဲ ထားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့၊ မွန်ပြည်နယ် ချောင်းဆုံ၊ ရန်ကုန်က လှိုင်သာယာနဲ့ ကော့မှုး မဲဆန္ဒနယ်တွေ နဲ့အတူ ရှမ်း ပြည်နယ်ထဲက ကျိုင်းတုံ၊ မိုင်းရှုး မဲဆန္ဒ နယ်တွေမှာ အကြိတ်အနယ် ရှိနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

စက်မှုဇုံနယ်မြေ ဖြစ်လို့ အမြို့မြို့ အနယ်နယ်က သူတွေ လာရောက် အလုပ်လုက်ကိုင် နေကြတဲ့ လှိုင်သာယာ မှာဆိုရင် မဲရုံ ၁၂ ရှိပြီး၊ မဲပေးခွင့် ရှိသူ အရေအတွက် တစ်သောင်း တစ်ထောင် ကျော် ရှိပါတယ်။

မဲရုံ စဖွင့်ချိန် မနက် ၆ နာရီ ဝန်းကျင်မှာ လှိုင်သာယာက အကြီးဆုံး မဲရုံ တစ်ရုံရှေ့ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်ကတော့ မဲလာထည့်သူတွေ ၃ ယောက် တစ်အုပ်စု၊ ၄ ယောက် တစ်အုပ်စုနဲ့ နည်းနည်းပဲ ရှိနေသေးတယ်၊ ၂ဝ၁၅ ရွေးကောက်ပွဲ ကြီးတုန်းက မြင်ကွင်းနဲ့တော့ ကွာတယ်၊ အဲဒီ့တုန်းကဆို မဲရုံ မဖွင့်ခင်မှာကို လူတွေ ပြွတ်သိပ် တန်းစီ နေခဲ့ကြတာလို့ ပြောပါတယ်။

ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကြတဲ့ လှိုင်သာယာ က အလုပ်သမားတွေ အတွက် စနေနေ့က ရုံးပိတ်ရက် မဟုတ်လို့လည်း မဲလာပေးသူ နည်းတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် တနှစ် သက်တမ်း ပြည့်မြောက်တဲ့ အခု ကာလမှာ ကျင်းပတဲ့ ကြားဖြတ် ရွေးကောက်ပွဲ ရလဒ် တွေဟာ လက်ရှိ နိုင်ငံရေး အခြေအနေ အပေါ် ထားရှိတဲ့ ပြည်သူတွေရဲ့ သဘောထားကို တစိတ်တဒေသ ထင်ဟပ် နိုင်လိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ