မြန်မာပြည်တနံတလျားက ကြားဖြတ်ရွေးကောက်ပွဲ

  • 1 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Facebook_Sai Tun Aung Lwin
Image caption မိုင်းရှူးမော်မေ့ကျေးရွာအုပ်စုမှ မိုင်းရူးရပ်ကွက် ၄ အထိ မဲလာပေးကြသူတွေ မဲရုံမှာ တန်းစီ စောင့်ဆိုင်းနေစဉ်

ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလာပေးသူ ရာခိုင်နှုန်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နဲ့ နှိုင်းယှဉ်ရင် အတော်ကျဆင်းခဲ့ပေမယ့် တိုင်းရင်းသားမဲဆန္ဒနယ် တချို့မှာတော့ မဲဆန္ဒရှင်တွေတက်တက်ကြွကြွနဲ့ မဲလာပေး ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနှံ့က လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ က အမတ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲ တွေကို စနေနေ့ မှာ ကျင်းပပြုလုပ်ခဲ့ပြီး မဲရုံတွေကို မနက် ၆ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။

မြို့နယ် ၂၂ မြို့နယ်မှာ ဖွင့်လှစ်တဲ့ မဲရုံတွေမှာ မဲလာပေးနိုင်သူ လူဦးရေစုစုပေါင်း ၂ သန်းကျော် ရှိပြီး နိုင်ငံရေးပါတီ ၂၄ ပါတီ က ကိုယ်စားလှယ်ပေါင်း ၈၇ ယောက်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၇ ယောက် တို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်း မဲဆန္ဒရှင် ၃ သိန်းကျော် မဲပေးနိုင်တဲ့ လှိုင်သာယာ မဲဆန္ဒနယ် က မဲရုံတွေမှာ မဲလာပေးသူတွေ သိသိသာသာ နည်းတာကို တွေ့ရပါတယ်။

ဒါပေမယ့် ရှမ်းပြည်နယ်မိုင်းရှူး က မဲဆန္ဒနယ်တွေမှာတော့ အခြေအနေအရ တချို့မဲရုံတွေ ကို မူရင်း ဒေသ ရွာအုပ်စုတွေ က ဝေးတဲ့နေရာတွေမှာ လုပ်ခဲ့ရပေမယ့် သက်ဆိုင်ရာ မဲရုံကို လာပြီး မဲထည့်ကြတဲ့ ဒေသခံတွေ များကြောင်း သိရပါတယ်။

သူတို့ရွာတွေကနေ ၄ မိုင်ကနေ ၁၀မိုင် လောက်အထိ ဝေးကွာတဲ့ မိုင်းရှူးမြို့ ရပ်ကွက် ၄ မဲရုံအထိ မဲလာထည့်ရတဲ့ မော်မေ့ကျေးရွာအုပ်စု က လူအများအပြား လာခဲ့ကြလို့ အဲဒီ မဲရုံတဝိုက် စျေးဆိုင်တွေနဲ့တောင် စည်ကားနေတယ်လို့ ရွေးကောက်ပွဲအခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ ရှမ်ပိုင်း ဂျာနယ် က တာဝန်ခံအယ်ဒီတာ စိုင်းဇင် က ဘီဘီစီ ကို ပြောပါတယ်။

ကျိုင်းတုံဘက်မှာတော့ မဲလာပေးသူတွေနည်းတဲ့အကြောင်း ဒေသတွင်းမှာ မဲရုံတွေကို သွားရောက်လေ့လာခဲ့တဲ့ စိုင်းဦး က ပြောပါတယ်။

ရှမ်းပြည်နယ် က မဲဆန္ဒနယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တို့ အကြိတ်အနယ် ရှိကြလိမ့်မယ် လို့ ခန်းမှန်းကြပါတယ်။

ချင်းပြည်နယ် ထန်တလန်ဘက်မှာလည်း မဲလာပေးသူတွေနည်းပါး ပြီး အဲဒီ က အမျိုးသားလွှတ်တော် အမတ်နေရာတနေရာ အတွက် ပြိုင်ကြရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီ က ကိုယ်စားလှယ် တွေ ဝင်အရွေးခံကြပါတယ်။

အခုလို လူနေရပ်ကွက်တွေအတွင်း က မဲဆန္ဒနယ်တွေမှာ မဲလာပေးသူတွေ နည်းပါးပေမယ့် မုံရွာမြို့နယ်အတွင်းက စစ်တပ် တပ်ဝင်းတွေထဲက မဲရုံတွေမှာတော့ စစ်သားတွေ၊သူတို့မိသားစုဝင်တွေ မဲလာပေးတာ အင်ပြည့်အားပြည့် ဖြစ်ပြီး အဲဒီက မဲရုံတွေမှာ စောင့်ဆိုင်းတန်းစီ နေတာတွေတွေ့ရတယ်လို့ မုံရွာ ရွေးကောက်ပွဲအခြေအနေ ကို စောင့်ကြည့်လေ့လာတဲ့ PACE အဖွဲ့ က ကိုဇော်သူရိန်ထွန်း က ပြောပြပါတယ်။

အခုလိုမဲဆန္ဒရှင်တွေ မဲလာပေးမှု နည်းပါးတာ ဟာ အရင်လို အစိုးရတရပ် ပေါ်ထွန်းစေတဲ့ အထွေထွေရွေးကောက်ပွဲမဟုတ်ပဲ ကြားဖြတ်ရွေးကောက်ပွဲ သာ ဖြစ်လို့ လို့ သုံးသပ်ကြပါတယ်။

မွန်ပြည်နယ်အတွင်း ကချောင်းဆုံမဲဆန္ဒနယ်မှာ လည်း အကြိတ်အနယ် ရှိကြလိမ့်မယ် လို့ သတင်းပြေးခဲ့ပါတယ်။

မဲလိမ်၊မဲညစ်ဖို့ ကြိုးစားမှုတွေတော့ မတွေ့ရတဲ့အကြောင်း ရွေးကောက်ပွဲစောင့်ကြည့်သူတွေ ကပြောပါတယ်။

တရားဝင်ရလဒ်တွေတော့ သက်ဆိုင်ရာ က စနေနေ့ ည ၉ နာရီမှာ ထုတ်ပြန်မယ်လို့ ကြေညာထားခဲ့ပေမယ့် အခုတော့ ထုတ်ပြန်မယ့်အချိန် ကို နောက်ကို ရွှေ့ဆိုင်းထားကြောင်း သိရပါတယ်။