ဘူးသီးတောင်မှာ ရွာလူကြီး အသတ်ခံရပြန်

  • 2 ဧပြီ 2017
Image caption ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုရဲ့ ခေါင်းဆောင် အဖြစ် ယူဆထားတဲ့ အာ့တာ အူလ္လာ

ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုရဲ့ ခေါင်းဆောင် အဖြစ် ယူဆထားတဲ့ အာ့တာ အူလ္လာ ဆိုသူက သူတို့ အုပ်စုဟာ နိုင်ငံရပ်ခြားက ဘယ် အစ္စလာမ်မစ် အဖွဲ့နဲ့မှ အဆက်အစပ် ရှိမနေဘူး ဆိုပြီး ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ငြင်းဆို သွားပါတယ်။

အာ့တာ အူလ္လာ ဟာ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ အာရကန် ရိုဟင်ဂျာ ကာကွယ်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် အဖြစ် လေ့လာသူတွေနဲ့ ဒေသခံတွေက ယူဆထားသူ ဖြစ်တယ်လို့ ရိုက်တာက ပြောပါတယ်။

အာ့တာ အူလ္လာ ကို ရန်ကုန် ရိုက်တာ သတင်းဌာနက အင်တာနက် ကနေ တဆင့် ဗီဒီယို အင်တာဗျုး လုပ်ခဲ့တာမှာ ရိုဟင်ဂျာတွေကို ဒေါ်အောင်ဆန်းစုကြည် ကနေ အကာအကွယ် ပေးမလာမခြင်း လူသန်းချီ သေဆုံးရပါစေ ဆက်ပြီး တိုက်ခိုက် သွားမယ် ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။

တခါ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတော့ ဘူးသီးတောင် မြို့နယ်ထဲက တင်းမေ ကျေးရွာ အုပ်စု တာဝန်ခံ အသက် ၄၆ နှစ် အရွယ် ဦးဟာမိတ်တူလာ ဆိုသူ မတ်လ ၃၁ ရက် ညပိုင်းက နေအိမ်မှာ သတ်ဖြတ် ခံလိုက်ပါတယ်။

ဦးဟာမိတ်တူလာရဲ့ နေအိမ်ထဲထိ တုတ်၊ ဓား လက်နက်တွေ ကိုင်ထားတဲ့ လူ ၇ ယောက် ဝင်လာပြီး သတ်ဖြတ် သွားတာလို့ ခရိုင်အုပ်ချုပ်ရေး အာဏာပိုင် တွေက ပြောပါတယ်။

အကြမ်းဖက် သင်တန်း တက်သူတွေ တင်းမေမှာ ဖမ်းမိတဲ့ သတင်းနဲ့ ပတ်သက်ပြီး အသတ်ခံရသူဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံ ဖြေကြားခဲ့သူ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုတွေ နောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် တွေထဲ ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်ယူထားသူ ၁ဝ ယောက်ကျော် အသတ်ခံခဲ့ ရပြီး ဖြစ်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။