ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်တွေ ဒီမနက် ကော်မရှင် ကြေညာမယ်

  • 2 ဧပြီ 2017
Image caption ကြားဖြတ်ရွေးကောက်ပွဲ

ဧပြီလ ၁ ရက်၊ မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေ တရားဝင် ထွက် မလာသေးပေမယ့် မွန်ပြည်နယ်၊ ချောင်းဆုံမှာ ပြည်သူ့ လွှတ်တော်အတွက် လစ်လပ်နေရာကို ကြံခိုင်ရေးပါတီက သူတို့ ကိုယ်စားလှယ်လောင်း အနိုင်ရတယ် ဆိုပြီး ပြောပါတယ်။

မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူ တံတား နာမည် ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ၊ လှုပ်ရှားမှုတွေ ရှိခဲ့တဲ့ အတွက် ခု ကြားဖြတ် ရွေးကောက်ပွဲမှာ ချောင်းဆုံမှာ အကြိတ်အနယ် ရှိနိုင်တယ် ဆိုပြီး အစောပိုင်း ကတည်းက ယူဆမှုတွေ ရှိခဲ့ပါတယ်။

ချောင်းဆုံမှာ NLD ပါတီကနေ ဝင်ပြိုင်ခဲ့တဲ့ ဦးအေးဝင်းကလည်း သူ အနိုင်ရလောက်တဲ့ မဲ အရေအတွက် မပြည့်မီ နိုင်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

တခါ၊ ရခိုင်ပြည်နယ် အမ်း မြို့နယ်မှာလည်း မဲရေတွက်မှု နောက်ဆုံး အခြေအနေတွေ အရ ရခိုင် အမျိုးသားပါတီ ANP က မဲ အတော်လေး အပြတ်နဲ့ အသာစီး ရနေတယ်လို့ အဲဒီမှာ ပြည်သူ့လွှတ်တော် နေရာ အတွက် ကိုယ်တိုင် ဝင်အရွေးခံတဲ့ ANP ပါတီ ခေါင်းဆောင် ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသား နယ်မြေတွေမှာ လူမျိုးစု ပါတီတွေ အခြေအနေ ကောင်းနိုင်တယ် ဆိုတဲ့ ကြိုတင် သုံးသပ်မှုတွေ မွန်၊ ရခိုင်တို့မှာ မှန်လာ နိုင်တဲ့ အခြေအနေ ရှိနေချိန်မှာ၊ ၂ဝ၁၅ တုန်းက လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် ထဲက မိုင်းရှူးနဲ့ ကျေးသီးတို့မှာ အခု ကြားဖြတ်ကိုတော့ အောင်အောင်မြင်မြင် ကျင်းပ နိုင်ခဲ့ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲ အနိုင်အရှုံး စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၂ ရက် မနက်ပိုင်းမှာ ကြေညာလာဖို့ မျှော်လင့် ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ